
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲချမှုကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲဝန်းကျင်က လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး အိုင်စောက်ရွာထဲကို ဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“အသက် ၅၀ အရွယ်လောက်ရှိတဲ့ ဒေါ်စန်းရီက ပွဲချင်းပြီးသေသွားတယ်၊ သူ့သား ဖိုးပြားက လက်ပြတ်သွားတယ်၊ ဖိုးပြားရဲ့ ၁၂ နှစ်အရွယ်လောက်ရှိတဲ့ သမီးလေး ရွှန်းလဲ့ လက်မောင်းကနေ ဗုံးစထိသွားတာ နောက်ကျောဖောက်ဝင်သွားတယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်။”
ပြည် ခလရ ၇၅ စစ်တပ်ထဲကနေ ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက စက်တပ်လေထီး ၃ စီး ပေါက်ခေါင်းမြို့နယ်ကို ပျံသန်းသွားကြောင်းလည်း တွေ့ရှိတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတယောက်က ပြောပါတယ်။
“ဒီဘက်မှာတော့ ဒါမျိုး စက်တပ်လေးထီးတွေသုံးတာ မတွေ့ဖူးသေးဘူး။ ဒါ ပထမဦးဆုံးပဲ၊ ဗုံး ၇ လုံးလောက် ကြဲချသွားတယ်လို့တော့ ကြားတယ်။ ခုဒဏ်ရာရတဲ့သူတွေလည်း ဆေးရုံမပို့ရသေးဘူးလို့ ပြောတယ်။”
အခု စစ်တပ်က ဗုံးကြဲတဲ့ အိုင်စောက်ရွာဟာ ဖေဖော်ဝါရီ ၁၈ ရက် ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်း ရိက္ခာတွေ သယ်ဆောင်လာတဲ့ကားကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်တဲ့နေရာနဲ့ နီးကပ်နေတာကြောင့် စစ်တပ်က ရှုံးမဲမဲပြီး ပြည်သူအပေါ် အနိုင်ကျင့် ဗိုလ်ကျနေတာဖြစ်ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က DVB ကို ပြောပါတယ်။
“PDF တွေကို မနိုင်ဘူး၊ အဲဒီတော့ လက်နက်မဲ့ ပြည်သူတွေကို တမင်အနိုင်ကျင့် ဗိုလ်ကျနေတာ၊ ပြည်သူတွေအနေနဲ့လည်း ဂရုစိုက်နေထိုင်ကြပါလို့ တိုက်တွန်းချင်တယ်။”
ဖေဖော်ဝါရီ ၁၈ ရက်က စစ်တပ်ရဲ့ လက်နက်ခဲယမ်းရိက္ခာ ပို့ဆောင့်တဲ့ကားကို ၃၆၀၁ တပ်ရင်းက တော်လှန်ရေးရဲဘော်တွေ တိုက်ခိုက်မှုကြောင့် လက်နက်ခဲယမ်းနဲ့ ဆီပေပါတွေ ပေါက်ကွဲပြီး ဖောကားတစီး မီးလောင်သွားသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက် သေဆုံးခဲ့ပါတယ်။