
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာလည်း ချောင်းမ အရှေ့ရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်လို့ ရွာသား အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး တယောက် စုစုပေါင်း ၅ ယောက် သေဆုံးသွားပြီး ဒဏ်ရာသူတွေလည်းရှိတဲ့ အကြောင်း ဒေသခံတွေထံက သိရပါတယ်။
ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ အကြီးအကဲတယောက်က “ချတာက ၁၂၀ မမ ၄ လုံးချတာ။ နှစ်ရွာကြား လူစည်ကားတဲ့ လမ်းမပေါ် မုံရွာ- ယာကြီး ကလေးဝ လမ်း မိုင်တိုင်အမှတ် ၁၅ မိုင် ၇ ဖာလုံမှာ ချသွားတာ။ ချတာက ၁၂၀ မမ ၂ လုံးတွဲ ၂ ချသွားတာ။ သေဆုံးသူ ၅ ယောက်နဲ့ ဒဏ်ရာရသူ ၂၀ ဦး အထိရှိတယ်”လို့ ပြောပါတယ်။
အဆိုပါ စက်တပ်လေထီးဟာ မုံရွာ နမခကနေ လာရောက်ပစ်ခတ်တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ရွာသား ၃ ယောက် နေရာတင် သေဆုံးသွားကာ ကျန် ၂ ယောက် ကတော့ ဆေးရုံရောက်မှ သေဆုံးသွားတာလို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။
“ထင်မှတ်မထားဘူးလေ။ ကျနော်တို့ရွာက မုံရွာ-ယာကြီး-ကလေးသွာတဲ့လမ်းရယ်၊ ကနီ-ချောင်မ-ယင်းမာပင်သွားတဲ့ လမ်းစုံလမ်းခွ ဖြစ်နေတော့ လူတော့စည်ကားတယ်ဗျ။ ကားလမ်းဘေးမှာလည်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်လေးတွေလည်း ရှိတယ်ဗျ။ တိုက်ပွဲကတော့ မဖြစ်ပါဘူး။ သူတို့ ချချင်လို့ကို ချသွားတာ။ ချတဲ့ နေရာက ချောင်းမအရှေ့ရွာ မုံရွာ-ယာကြီး-ကလေး သွားကားလမ်းမဘေးက ဒိုးလေးစားသောက်ဆိုင်ရဲ့ မြောက်ဘက်ကို ချသွားတာ။”
ချောင်းမရွာဟာ ကနီမြို့ရဲ့တောင်ဘက် ၁၃ မိုင်နဲ့ ၇ဖာလုံခန့်ကွာဝေးပြီး ချောင်းမအရှေ့ရွာနဲ့ ချောင်မ အနောက်ရွာဆိုပြီး ရွာ ၂ ရွာရှိကာ အိမ်ခြေစုစုပေါင်း ၁၀၀၀ လောက်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
ကနီမြို့နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂ လအတွင်း စစ်တပ်က ဝေဟင်ကနေ လေယာဉ်အပါအဝင် စက်တပ်လေထီးယာဉ်နဲ့ တိုက်ခိုက်ဗုံးကြဲချမှု အကြိမ်အရေအတွက် ၂၆ ကြိမ်အထိ ရှိနေပြီးအရပ်သား ၁၀ ယောက် အထိရှိနေပြီလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်(မြပုလဲ) စစ်ကောင်စီဂိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄ နာရီဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက အဲဒီဂိတ်ကို ၆၀ မမနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ၂ ယောက် သေဆုံးတဲ့အပြင် ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Snipe Rangers Force ရဲ့ တာဝန်ခံက ပြောပါတယ်။
“အဲဒီဂိတ်က အနှောင့်အယှက် တော်တော်လေးကို ဖြစ်ပါတယ်။ လက်နက်ကြီး ရမ်းပစ်လိုက်၊ လက်နက်ငယ်နဲ့ ရမ်းပစ်လိုက်ပါပဲ။ သူတို့ စိတ်ကူးပေါက်ရင် ပေါက်သလို လုပ်ပါတယ်။ တချို့ပြည်သူတွေဆိုရင် ဘေးလွတ်ရာကို ရှောင်နေရလောက်တဲ့ထိပါ။ ဒီနေ့မနက် ၁၀ နာရီခွဲ လောက်ကလည်း လက်နက်ကြီးနဲ့ ရမ်းပစ်နေတယ်။”
ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာမျိုး ရှိပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်မှု တစုံတရာ မရှိဘူးလို့ ပြောပါတယ်။
တိုက်ခိုက်မှုကို Snipe Rangers Force (Local-PDF)၊ PGC နဲ့ ရပ်ကျေး ပကဖတွေ ပူပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် Snipe Rangers Force က ဖေဖော်ဝါရီ ၁၃ ရက်ကလည်း တခြားပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာရှိတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချူပ် လက်အောက်ခံ အမတ-၃၆၉ ကို ပစ်ခတ်ခဲ့ပြီး စစ်ဆင်ရေးတွေကို ထိရောက်စွာ ပြုလုပ်နိုင်ဖို့ ငွေကြေးလိုအပ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။