
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့က ဆိုင်ကယ် ကယ်ရီသမား ၆ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ရခိုင်ဘက် ကုန်စည်ပို့ဆောင်တာကြောင့်လို့ စွပ်စွဲပြီး ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်ဘက်ကို ခရီးသည်နဲ့ ကုန်စည်ပစ္စည်းတွေ ပို့ဆောင်တာကြောင့်လို့ စွပ်စွဲပြီး မနေ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတချို့က ဆိုင်ကယ် ကယ်ရီသမား ၆ ယောက်ကို ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတယောက်က “ဘယ်သူ့ရဲ့ သတင်းအမှားပေးချက်နဲ့ ဖမ်းတာလည်း မသိဘူး။ အဖမ်းခံရတာ မှန်တယ်။ ဆေးဝါးနဲ့ ရိက္ခာကုန်ပစ္စည်းတွေကို ရခိုင်ဘက် ပို့ဆောင်တာကြောင့်လို့ ဆိုပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းတာ။ အားလုံး ၆ ယောက်ပါ” လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်က ငါးသိုင်းချောင်း-ဂွ လမ်းပိုင်းကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး တချို့ ဆိုင်ကယ် ကယ်ရီသမားတွေက တောလမ်းတွေဘက်ကနေ ခက်ခက်ခဲခဲ ကယ်ရီဆွဲနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “သတ်မှတ်ချက်ကို မလိုက်နာလို့ ဆိုင်ကယ် ကယ်ရီသမားတွေကို ဖမ်းတာလို့ သိရတယ်။ ငါးသိုင်းချောင်းရဲစခန်းမှာ ဖမ်းထားတယ်လို့ပဲ သိရပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ငါးသိုင်းချောင်းမြို့မရဲစခန်းက စခန်းမှူး တင်လင်းထွဋ်က ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ ကားသမားတွေကို ခေါ်ယူပြီး ရခိုင်ပြည်နယ်ဘက်ကို ခရီးသည်နဲ့ ရိက္ခာပစ္စည်းတွေ ပို့ဆောင်တာ မပြုလုပ်ဖို့ သိရှိနားလည် သဘောပေါက်ပါတယ် ဆိုတဲ့ ခံဝန်စာမှာ လက်မှတ်ရေးထိုးခိုင်းတာလို့ ဆိုပါတယ်။
စစ်ကောင်စီက အခုလို ကားသမားတွေနဲ့ ကယ်ရီသမားတွေကို ဆင့်ခေါ်ပြီး တားမြစ် လက်မှတ်ထိုးခိုင်းတာဟာ ရခိုင်ပြည်နယ်ဘက် ကုန်စည်ဖြတ်တောက်ဖို့ လုပ်တာဖြစ်ပြီး ဒီလုပ်ဆောင်ချက်ဟာ စစ်ရေးအတွက် အလုပ်မဖြစ်ဘဲ အရပ်သားတွေအပေါ်သာ ထိခိုက်တယ်လို့ ဒေသခံတွေနဲ့ ကုန်စည်သယ်ယူရေးလုပ်ငန်း လုပ်ဆောင်နေသူတွေက ဆိုပါတယ်။