Home
မြန်မာသတင်း
ပေါက်တောမြို့နယ်ကို စစ်ကောင်စီတပ်က  လေကြောင်းတိုက်ခိုက်
DVB
·
February 19, 2025

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ င/ပြီကျွန်းရှိ ကျေးရွာ ၃ ရွာနဲ့ သဲခုံကျေးရွာတို့ကို စစ်ကောင်စီတပ်က  ဖေဖော်ဝါရီ ၁၇ ရက် ညက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် ကုလားတန်မြစ်ဝမှာ ရှိတဲ့ င/ပြီကျွန်းမှာ ရှိတဲ့ ကျေးရွာ ၃ ရွာနဲ့ သဲခုံကျေးရွာကို ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီခွဲနဲ့ ၉ နာရီဝန်းကျင်တွေမှာ ပေါင် ၅၀၀ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တယောက်က  ပြောပါတယ်။

“မနေ့က နေ့လယ်ပိုင်းမှာ  စစ်ကောင်စီရဲ့ တပ်စခန်း ၄ ခုကို AAက တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်မှာ စစ်ကောင်စီက စစ်တွေမြို့နဲ့ အနီးဆုံးဖြစ်တဲ့ ပေါက်တောမြို့နယ်က ကျေးရွာ ၄ ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်။ င/ပြီကျွန်းမှာဆိုရင် ရွာ ၃ ရွာရှိပြီးတော့ ဆံတော်ရှင်ကျွန်းက သဲခုံကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ င/ပြီကျွန်းမှာဆိုရင် ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ သဲခုံးကျွန်းကို ပေါင် ၅၀၀ တလုံးကြဲသွားတာ ရွာသားတွေက မရှိတော့ဘူး။ အကုန်လုံး စစ်ဘေးရှောင် နေကြရတာဆိုတော့ အထိအခိုက်တော့ မရှိဘူး။ နေအိမ်တွေကတော့ ပျက်စီးမှုရှိနိုင်တယ်။”

အခုလေကြောင်းက တိုက်ခိုက်ခံရတဲ့ ကျေးရွာ ၄ ရွာဟာ စစ်တွေမြို့နဲ့ ၃ မိုင်ဝန်းကျင် အကွာအဝေးလောက်သာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး ကုလားတန်မြစ်အဝမှာရှိကြတဲ့ ကျေးရွာတွေ ဖြစ်ကြပါတယ်။

အခု ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ငပြီတက်ကျွန်းမှာ ငပြီတက် ရွာမ၊ ငပြီတက် အလယ်ရွာနဲ့ သရက်တောရွာ ၃ ရွာရှိပြီး သဲခုံကျေးရွာကတော့ အနောက်ဖရုံကာကျွန်း(ဆံတော်ရှင်)ကျွန်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်မှာ စစ်တွေမြို့ရှိ ဒကစ-ဌာနချုပ်၊ ရွှေမင်းဂံရေတပ်၊ အမှတ်(၃၂) ရဲတပ်ရင်းနဲ့ ခမရ(၃၄၄) တပ်ရင်းတွေကို လက်နက်ကြီးနဲ့ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ AA တို့အကြား ဇန်နဝါရီ ၁၆ ရက် ကတည်းက တိုက်ပွဲနေကြတာဖြစ်ပြီး ပြင်းထန်တဲ့နေ့နဲ့ မပြင်းထန်တဲ့နေ့လောက်ပဲ  ကွာတယ်လို့ မြေပြင်အခြေအနေကို သိရှိတဲ့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တယောက်က  ပြောပါတယ်။

“စစ်တွေမှာ တိုက်ပွဲက နေ့တိုင်းလိုလို ရှိနေတာ။ အထူးသဖြင့် မြေပြင်စစ်ဆိုင်ထားကြတဲ့ နေရာတွေမှာ ပစ်ခတ်မှုတွေက နေ့တိုင်းရှိကြတယ်။ အဓိကတော့ စစ်ကောင်စီက ရန်လိုတဲ့ သဘောနဲ့ ဒရုန်းတွေ၊ စနိုက်ပါတွေနဲ့ စပြီးပစ်တာ။ AA ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ထုလိုက်မှ အနည်းငယ် ပြန်ငြိမ်သွားတတ်တယ်။ စစ်ကောင်စီတပ်စခန်းတွေကတော့ အားလုံး ဝန်းရံပိတ်ဆို့ခံထားရတာ နှစ်နဲ့ချီရှိနေပြီ” လို့ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ AA တို့ဟာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်မှာ နှစ်ဖက် မြေပြင်စစ်ဆိုင်ထားကြတာဖြစ်ပြီး မကြာခဏဆိုသလို ပစ်ခတ်မှုတွေ ဖြစ်နေကြတာဖြစ်ပါတယ်။

AAဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး မြို့တော် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ကို စစ်ရေးအရ ဝိုင်းရံပိတ်ဆို့ထားသလို ပဲခူး၊ မကွေးနဲ့ဧရာဝတီတိုင်းတို့ကို မဟာမိတ်(PDF)တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024