ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ၂ လအတွင်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းအလုံးရေ ၁၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မောင်တောမြို့နယ်အတွင်းမှာ ၂၀၂၄ ခု ဒီဇင်ဘာလကနေ ဖေဖော်ဝါရီ ၁၈ ရက်အအထိ အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေး လုပ်ဆောင်ရာမှာ စစ်ကောင်စီတပ်ကထောင်ထားတဲ့ မိုင်းအလုံးရေ ၁၀၂၅ လုံး တွေ့ရှိခဲ့တယ်လို့ AA နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“အာရက္ခတပ်တော်က အများပြည်သူလုံခြုံရေးအတွက် မိုင်းရှင်းလင်းရေးလုပ်နေကြတာတော့ ၂ လလောက်ရှိပြီဗျ။ စစ်ကောင်စီတပ်ဘက်က ထောင်ထားတဲ့ နင်းမိုင်း၊ ရှော့တိုက်မိုင်းနဲ့ တိုက်မိုင်းတွေအပြင် လက်ပစ်ဗုံးတွေလည်း တွေရှိခဲ့တယ်။”
မောင်တောမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းမှာလည်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန် မြေမြုပ်မိုင်နင်းမိပြီး အမျိုးသားတယောက် ညာဘက်ခြေထောက်တဖက် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။