Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် ချောင်းဦးဒေသခံ ၁ ဦးသေဆုံး၊ မြင်းခြံ တလုပ်မြို့ကျေးရွာကို စစ်တပ် မီးရှို့
DVB
·
February 18, 2025

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ တောချောင်းလေးရွာကို စစ်တပ်က ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီကျော်လောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတယောက် နေရာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

စစ်ကောင်စီတပ်က ချောင်းဦးမြို့နယ်၊ မြပုလဲအထိုင်စခန်းနဲ့ မုံရွာမြို့နယ်အတွင်း စွမ်းရည်ထက်ဆီဆိုင် အထိုင်စခန်းကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရွာခံတယောက်က “တနေကုန် တအုန်းအုန်းနဲ့ကို ပစ်နေတာ။ ကင်မွန်းတော် ပျူရွာမှာတော့ တိုက်ပွဲဖြစ်နေတာရှိတယ်။ အခုကတော့ ရွာရဲ့မြောက်ဘက် ပန်းပဲဖိုကိုကျတာ။ အဲဒီလိုကျလို့ အိမ်ဝင်းထဲ အမှိုက်ကျုံးနေတဲ့ အသက် ၄၉ နှစ်ရှိတဲ့ မဆန်းမိုး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဦးခေါင်းကျည်စထိမှန်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးတယ်” လို့ ပြောပါတယ်။

စစ်တပ်ကတော့ မုံရွာ၊ ချောင်းဦးမြို့နယ်အစပ်ကို လေယာဉ်အပါအဝင် စက်တပ် လေထီးတွေနဲ့ ဗုံကြဲပစ်ခတ်ပြီး မြေပြင်စစ်တပ်အထိုင်စခန်းကနေပါ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “လေကြောင်းရန်နဲ့ လက်နက်ကြီး ပစ်တာကတော့ ညောင်ဖြူပင်ရွာကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ညပိုင်းကစပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်အထိ နေ့တိုင်း ပစ်နေတာပဲ။ သူတို့ အဲဒီလိုပစ်လို့ အရပ်သားတွေ နေရပ်စွန့်ခွာနေကြရတုန်းဗျ။ မနေ့ ညနေပိုင်းကလည်း တောချောင်းလေးရွာကို လက်နက်ကြီးနဲ့ ပစ်လို့ အမျိုးသမီးတဦး ဦးခေါင်းကျည်စထိမှန်ပြီး သေဆုံးတယ်။ သေဆုံးသူ အလောင်းက ရုပ်ပျက်ဆင်းပျက် ဖြစ်နေလို့ မနေ့က ဖြစ်ဖြစ်ပြီးချင်း သင်္ဂြိုဟ်ပေးလိုက်ရတယ်။ တိုက်ပွဲကတော့ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ စစ်ဒေသက ထုတ်ပြန်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ချောင်းဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကင်မွန်းတော်ရွာမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အကျအဆုံး အထိအခိုက် များသလို ပြည်သူ့ကာကွယ်ရေးဘက်ကလည်း ၄ ဦး ကျဆုံးခဲ့တယ်လို့ DVB က‌ စုံစမ်းသိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီခွဲကျော်လောက်မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တလုပ်မြို့ကျေးရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျေစောထီးပူးပေါင်းအဖွဲ့တွေဟာ မြင်းခြံမြို့နဲ့ အနိမ့်ရွာဘက်ကနေ လာရောက်မီးရှို့ခဲ့တာလို့လည်း သိရပါတယ်။

တလုပ်မြို့ကျေးရွာခံတယောက်က “တိုက်ပွဲစဖြစ်လို့ မီးရှို့တာ မဟုတ်ပါဘူး။ သူတို့က ကျနော်တို့ရွာဘက်ကို လာပြီး ပြည်သူပစ္စည်းတွေ လာလုလို့ PDF က တိုက်ခိုက်တာ။ အဲဒီလို တိုက်ခိုက်လို့ ရွာကို မီးရှို့တာ။ PDF က တိုက်ခိုက်တိုင်း ကျနော်တို့ရွာသားတွေရဲ့ အိမ်ကို မီးရှို့စရာလားဗျာ။ ဒါ လုံးဝကို မကျေနပ်ဘူး။ နောက်ပြီး ကျနော်တို့ရွာက ပြည်သူတွေရဲ့ ပစ္စည်းတွေကိုလည်း မြင်းခြံမြို့ဘက်ကို ကားတွေနဲ့ တိုက်ထုတ်သူကထုတ်နေကြတယ်။ ရွာမှာ ကျန်တဲ့ စခနဲပခ တွေကလည်း ရွာကို မီးရှို့နေပါတယ်” လို့ ပြောပါတယ်။

တလုပ်မြို့ရွာဟာ စစ်တပ်အထိုင်ချ မြင်းခြံမြို့ရဲ့ မြောက်ဘက် ဆီးမီးခုံမြို့ရဲ့တောင်ဘက်မှာရှိပြီး ခြေ ၁၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတရွာဖြစ်တယ်လို့လည်း သိရပါတယ်။

တလုပ်မြို့ရွာ PDF မှ ဗိုလ်သိန်းမောင်က “ကျနော်တို့ကတော့ လုပ်နိုင်တဲ့ဘက်ကနေ ပြည်သူ နစ်နာတယ်ဆိုရင် ကာကွယ်ပေးရမယ့် တာဝန်က ကျ‌နော်တို့ တာဝန်ပါ။ အခုလည်း တလုပ်မြို့ရွာကို မီးရှို့လို့ ကျနော်တို့ တတ်နိုင်တဲ့ နေရာကနေ လုပ်ပေးနေပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က တလုပ်မြို့ရွာကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး တညလုံး မီးရှို့ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာလည်း ကျေးရွာအတွင်းက မထွက်သေးတာကြောင့် မီးလောင် ဆုံးရှုံးတဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တို့ အဆိုပါကျေးရွာအတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်ကသေဆုံးမှုများပြားခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်မှလည်း ၁ ဦးကျဆုံးကာ ပြည်သူတချို့လည်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013