Home
Lead Story
တနင်္သာရီတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၀ ခန့် မီးလောင်ပျက်စီး
DVB
·
February 18, 2025

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း‌ကျေးရွာမှာ ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၃၀ လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ညောင်ပင်ကွင်းကျေးရွာနေ ပြည်သူတွေဆီက သိရပါတယ်။

ညောင်ပင်ကွင်းကျေးရွာ အရှေ့ကမ်းဘက်ကို စစ်ကောင်စီက ရဟတ်ယာဉ်အပါအဝင် တိုက်လေယာဉ်တွေနဲ့ မီးလောင်းဗုံးတွေပါ အသုံးပြုပြီး ၄ ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် နေအိမ် အလုံးပေါင်း ၃၀ လောက် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေကို အရပ်သားပြည်သူတွေ လာရောက်ငြှိမ်းသတ်ဖို့ လုပ်ပေမဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ပေါ်ကနေ ပွိုင့်ဖိုက်စက်လက်နက်တွေနဲ့ ပစ်ခတ်နေတာကြောင့် မီးငြှိမ်းသတ်ခွင့်မရဘဲ နေအိမ်တွေထဲ ပုန်းရှောင်ခဲ့ရသေးတယ်လို့ ပြောပါတယ်။

ညောင်ပင်ကွင်းရွာခံတယောက်က “မီးစလောင်တော့ ရွာထဲဝင်ပြီး မီးငြှိမ်းသတ်တာ မရဘူး၊ အပေါ်ကနေ ပွိုင့်ဖိုက်တွေနဲ့ပစ်နေတော့ အိမ်ထဲခဏဝင်ပြေးတယ်၊ မီးလိုက်ငြှိမ်းတာ အဆင်မပြေဘူး၊ မီးက နေက တအားပူပြင်းတော့ မီးအိမ်တွေကို ကူးတာပေါ့၊ ရွာ ထဲက လက်နက်ကိုင်အဖွဲ့တွေ ဝင်လာပြီး တဖက်ကမ်းမှာရှိတဲ့ စစ်တပ်ကို သွားပစ်တော့ ကျနော်တို့ မီးငြှိမ်းသတ်ခွင့်ရခဲ့တယ်ဗျာ” လို့ ပြောပါတယ်။

အဆိုပါနေ့ ညနေ့ ၆နာရီ ဝန်းကျင်အထိမှာတော့ မီးလောင်တဲ့နေအိမ်အလုံးပေါင်း ၂၂ လုံးလောက် ရှိပြီး ပြည်သူတွေ လာရောက်ငြှိမ်းသတ်လို့ မီးငြိမ်းသွားပြီးနောက် ည ၇ နာရီ‌‌ကျော်လောက်မှာ မီးထပ်မံလောင်ကျွမ်းကူးစက်ခဲ့တယ်လို့ ဆိုပါတယ်။

ရွာခံတယောက်က “ည ၆ နာရီအထိတော့ ငြိမ်းသွားပြီ။ တခြားအိမ်တွေကို ကူးဖို့မရှိဘူးထင်လို့ ရေလည်းကုန်သွားပြီဆိုတော့ ထားခဲ့တယ်။ ၇ နာရီနောက်ပိုင်းမှာ ၃ အိမ်ထပ်လောင်းသေးတယ်၊ အိမ် ၃၀ ကျော်လောက်ရှိမယ်ထင်တယ်၊ တိုက်ပွဲလည်းရှိနေတုန်းဆိုတော့ ကျနော်လည်း မသွားရဲတော့ဘူး” လို့ ပြောပါတယ်။

ဒီမတိုင်ခင် မနက် ၁၀ နာရီဝန်းကျင်မှာကတည်းက ညောင်ပင်ကွင်းကျေးရွာ အရှေ့ကမ်းဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး ညနေပိုင်းမှာ ရွာထဲကို လေကြောင်းကနေ ဗုံးလာမကြဲခင် စစ်ကောင်စီတပ်က ညောင်ပင်ကွင်းရွာခံပြည်သူတွေကို နေရပ်ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ညောင်ပင်ကွင်း‌ကျေးရွာမှာ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ စစ်ရှောင်နေကြသူတွေရှိသလို့ တချို့မှာ ရွှေ့ပြောင်းဖို့ အခက်အခဲတွေကြောင့် ရွာရဲ့ဘေးလွတ်ရာအိမ်တွေဘက်ကို ပြောင်းရွှေ့နေထိုင်ကြတာရှိတယ်လို့ ရွာသားတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာမှာ တိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024