
စစ်တပ်အာဏာသိမ်းကာလ ၄ နှစ်ကျော်လာချိန် မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဒရုန်းတွေ ပိုမိုအသုံးပြုလာတာကြောင့် တော်လှန်ရေးအင်အားစုတွေအတွက် စိန်ခေါ်မှုတရပ် ဖြစ်လာနေပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ အခုအချိန်အထိ တော်လှန်ရေးအင်အားစုတွေ ဆင်နွှဲ တိုက်ပွဲတွေမှာ ဒရုန်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ အောင်မြင်မှုကြီးမားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာဆိုရင် တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်နိုင်စွမ်းကို နိုင်ငံတကာအကူအညီနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်သားတွေက ဝေဖန်ရတဲ့အထိ အစွမ်းထက်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ စစ်ရုံးချုပ်တည်ရှိရာ နေပြည်တော်ကို ကာမီကာဇေလို့ခေါ်တဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ မော်လမြိုင်ခရီးစဉ်အတွင်း ဒရုန်းနဲ့တိုက်ခိုက်နိုင်ခဲ့တာ စတာတွေကလည်း လူသိများခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေပါ။
တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစွမ်းရည်ကို သိလာတဲ့ စစ်ကောင်စီကလည်း တန်ပြန်ဒရုန်း တိုက်ခိုက်မှုတွေ လုပ်ဖို့အတွက် ၂၀၂၄ ခုနှစ်က စပြီး ပြည်ပအကူအညီနဲ့ ပြင်ဆင်လာခဲ့ပါတယ်။ တပ်တွင်းမှာ ဒရုန်းသင်တန်းတွေ ပေးတာတွေ တိုက်ပွဲတွေမှာ တိုက်လေယာဉ် အသုံးပြုတာတွေအပြင် ဒရုန်းတွေကို ပိုပြီးအသုံးပြုလာတာကို တွေ့လာရပါတယ်။
နောက်ဆုံး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်းမှာလည်း ဒရုန်းကုမ္ပဏီကို သွားရောက်လေ့လာတာတွေအထိ လုပ်လာခဲ့ပြီး စစ်ကောင်စီရဲ့ ဒရုန်းအသုံးပြုမှုက ပိုပြီးအားကောင်းလာခဲ့တာပါ။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေအတွက် ဒရုန်းက စိန်ခေါ်မှုတစ်ခု ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်က “ခုနောက်ပိုင်း သူတို့ နည်းပညာရသွားပြီ ထင်တယ်။ သူတို့ ဒရုန်းအဖွဲ့တွေကိုပါ အရာရှိတွေ ဦးစီးပြီးတော့ ဖွဲ့လာတာကို တွေ့ရတယ်။ သူတို့ ပြီးရင် တပ်မ ၉၉ ဆိုရင် ရမည်းသင်းက စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ သူတို့ ဒရုန်းနဲ့ပတ်သက်ပြီး ဒရုန်းကိုင်မယ့် အရာရှိတွေကို သီးခြားတာဝန်ပေးလာတယ်။ ဒရုန်းတွေကိုလည်း ခါတိုင်းလိုမျိုး အရေအတွက် အနည်းကနေ အရေအတွက်တော်တော်များများအထိ သုံးလာတာကို တွေ့ရပါတယ်။ ဒီဒရုန်းတိုက်ခိုက်မှုကြောင့်ပဲ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က ဆိုးဆိုးဝါးဝါး ထိခိုက်တာတွေလည်း ရှိလာတယ်”လို့ ပြောပါတယ်။
KIA ဆင်နွှဲနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာဆိုရင်လည်း စစ်ကောင်စီဘက်က အဆင့်မြင့် ဒရုန်းတွေကို အသုံးပြုတိုက်ခိုက်နေတာတွေ ရှိလာတာကြောင့် တော်လှန်ရေးတပ်တွေ ဘက်မှာလည်း ထိခိုက်တာတွေ ရှိလာတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်ကောင်စီက မြေပြင်တိုက်ပွဲတွေမှာ ဒရုန်းတွေကို ပိုပြီးအသုံးပြုလာနေတယ်လို့ ဆိုပါတယ်။
“ဗန်းမော်ဘက်ကတော့ တိုက်ပွဲလည်း ပြင်းထန်တယ်။ စကခ (၂၁) ဘက်မှာ လှုပ်ရှားနေတာတွေလည်း ရှိတော့ ကျနော်တို့ဘက်ကလည်း ကျတာတော့ရှိမှာပါ။ ဘယ်လောက်၊ ဘယ်နှဦး ဆိုတာတော့ ကျနော်တို့ သတင်းဌာနအနေနဲ့တော့ မသိရသေးဘူး။ သူတို့က အဓိက ဒရုန်းတွေသုံးပြီးတော့ လိုက်ရှင်းတာကို တွေ့ရတယ်။”
ကရင်နီစစ်မြေပြင်မှာဆိုရင်လည်း စစ်ကောင်စီက ဗုံးကြဲဒရုန်းတွေကို အများအပြား အသုံးပြုနေသလို ဆူဆိုက်ဒရုန်းတွေကိုလည်း အသုံးပြုလာတာကို တွေ့ရတယ်လို့ KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီက ပြောပါတယ်။
လက်ရှိအခြေအနေမှာ စစ်ကောင်စီဒရုန်းဟာ ကြီးကြီးမားမား ဒုက္ခမပေးနိုင်သေးပေမဲ့လည်း တိုက်ပွဲတွေမှာတော့ အလှည့်အပြောင်းအချို့ရှိလာနေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဒီအခြေအနေကို တုံ့ပြန်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ Jamming Device မဖြည့်တင်းနိုင်ပေမဲ့လည်း တတ်နိုင်သလောက်တော့ ဖြည့်တင်းနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီက “ကျနော်တို့ကတော့ တော်လှန်ရေးအဖွဲ့လည်း ဖြစ်နေတယ်။ နိုင်ငံတကာ အသိအမှတ်ပြုမှုဆိုတဲ့ ကဏ္ဍမှာလည်း အတိုင်းအတာတခုအထိ လိုအပ်နေသေးတယ်။ အဲဒါကြောင့်မို့လို့တော့ တကယ့်ကို Military Grade Jamming Deviceတွေ ရရှိနိုင်ဖို့၊ ဝယ်နိုင်ဖို့၊ လက်လှမ်းမီနိုင်ဖို့တော့ ခက်ကြတယ်ပေါ့လေ။ အဲဒီတော့ ကျနော်တို့ ဘက်ကလည်း ကျနော်တို့ရနိုင်တဲ့ အတိုင်းအတာလေးနဲ့ ကိုယ်ထူကိုယ်ထ ထွင်ကြရတယ်။ ကိုယ့်ဘာသာလုပ်ကြရတဲ့ အနေအထားပဲပေါ့လေ။ အဲဒီလိုပဲ လုပ်ကြရပြီးတော့ တန်ပြန်ကောင်တာ ပြန်လုပ်နိုင်ဖို့ ဒီလိုပဲ ကြိုးစားရပါတယ်။ တခြားကတော့ ထွေထွေထူးထူး ကြီးကြီးမားမား လုပ်နိုင်တဲ့ဟာကတော့ ခုလက်ရှိမှာ သိပ်မရှိနေသေးဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ဗုံးကြဲဒရုန်းတွေ၊ ဆူဆိုက်ဒရုန်းတွေအပြင် ကင်းထောက်ဒရုန်းတွေကိုလည်း သေချာအသုံးပြုလာနေပြီ ဒီဒရုန်းတွေရဲ့ ပစ်မှတ်ထောက်လှမ်းအားနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးတိတိကျကျ လုပ်လာနေတယ်လို့လည်း ဆိုပါတယ်။ စစ်ရေး အကဲခတ်တွေကတော့ စစ်ကောင်စီဘက်မှာ အာဏာမသိမ်းခင်ကတည်းက တရုတ်ထုတ် ထောက်လှမ်းရေးဒရုန်းတွေအပြင်၊ ရုရှားထုတ်နဲ့ အစ္စရေးထုတ် ထောက်လှမ်းရေးဒရုန်းတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ထပ်ပြီးဖြည့်တင်းထားတာတွေလည်း ရှိနေတာပါ။ ဒါကို ကောင်းကောင်းမတုံ့ပြန်နိုင်သေးတဲ့ အခြေအနေတွေမှာ မြေပြင်မှာရှိနေတဲ့သူတွေအနေနဲ့ သတိကြီးကြီးထား ဆောင်ရွက်ကြဖို့နဲ့ တဖက်ကို သတင်းပေးတဲ့ပုံစံမျိုး မဖြစ်အောင် မြေပြင်အခြေအနေတွေကို အဆောတလျင် မတင်ကြဖို့ကိုလည်း KNDF ဒုစစ်ဦးစီးချုပ်က တိုက်တွန်းပါတယ်။
“ဒီနေရာကို ဗုံးကြဲလိုက်ပြီဆိုရင် ချက်ချင်း အဲဒီနေရာကို Record တွေ ယူကြတယ်။ ဒီလို ကြဲသွားတယ်။ ဘယ်လိုဖြစ်သွားတယ်။ ဘယ်လောက် ထိခိုက်သွားတယ်။ ဘယ်လောက် မထိခိုက်သွားဘူး စသဖြင့် ဒါတွေကို ချက်ချင်း အွန်လိုင်းမှာ ဗွီဒီယိုတွေလုပ် တင်တာမျိုးတွေ ရှိနေကြတယ်။ အဲဒါတွေအားလုံးက ကျနော်တို့ ရဲဘော်တွေရော၊ တခြားသော ရဲဘော် မဟုတ်သောသူတွေရောပေါ့။ အဲဒါတွေက စစ်တပ်ကို အထောက်အကူ အရမ်းဖြစ်စေတယ် ဆိုတဲ့ဟာကို ကျနော်တို့ သတိရှိရမယ်။ အကြမ်းဖက်စစ်တပ်က သူ ဘယ်မှာကြဲလိုက်တယ်၊ ဘာဖြစ်သွားတယ် ဆိုတာကို သူတို့ကိုယ်တိုင် ထောက်လှမ်းနိုင်ဖို့က ခက်ခဲတယ်။ ဒါပေမဲ့ ကျနော်တို့က ပြန်ပြီးတော့ သတင်းပေးနေတဲ့ပုံစံမျိုး၊ ပြန်ထောက်လှမ်းပေးနေတဲ့ပုံစံမျိုး ပြန်ပြီးအကဲကြည့်ပေးနေတဲ့ပုံစံမျိုး မဖြစ်အောင် ကျနော်တို့အားလုံး သတိထားရမယ်။ အဲဒီဗွီဒီယိုတွေကနေ ကျနော်တို့ရဲ့ ကတုတ်ကျင်း ဘယ်လိုပုံစံတူးထားတယ်။ နေရာယူထားတာက ဘယ်လိုပုံစံရှိနေလဲဆိုတာကို ရန်သူက ကြည့်ပြီးတော့မှ နောက်ထပ် တိုက်ခိုက်မှုပုံစံအသစ်တွေကို ပြောင်းသွားနိုင်တာကြောင့်မလို့ အားလုံးသတိရှိပေးကြဖို့ ဒီကနေပြီး တိုက်တွန်းနှိုးဆော်လိုပါတယ်။”
ဒါဟာ ခေတ်သစ်နည်းပညာ တိုက်ပွဲလည်း ဖြစ်တာကြောင့် ဒီအခြေအနေကို အကောင်းဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် အဆက်မပြတ်ကြိုးစားနေသလို အောင်မြင်မှုရနိုင်မယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ကောင်စီဘက်က သိမ်းဆည်းရမိတဲ့ Jammerတွေကို မြေပြင်မှာ လက်တွေ့ပြန်ပြီးအသုံးပြုနိုင်ဖို့နဲ့ ဒရုန်းကာကွယ်ရေးတွေကို ကြိုတင်ပြင်ဆင်ကြဖို့ကို အကြံပြုထားပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းတွေကို ဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲ ဆိုတာနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနဘက်ကို မေးမြန်းပေမယ့်လည်း အဖြေမရရှိခဲ့ပါဘူး။
ထက်အောင်