Home
မြန်မာသတင်း
ကလေးမြို့နယ်က စစ်ကောင်စီစခန်း ၄ ခုကို PDF သိမ်းပိုက်
DVB
·
February 17, 2025

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ စခန်း ၄ ခုကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်ရရှိထားတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက DVB ကို ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့မနက်မှာ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် ညကစပြီး စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေ တပ်စွဲနေထိုင်တဲ့ စစ်စခန်းတွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က စတင်တိုက်ခိုက်ရာ ရက်သတ္တတပတ်အတွင်း စခန်း ၄ ခုအထိ သိမ်းပိုက်ထားနိုင်ပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ကလေး-ဂန့်ဂေါ လမ်းမပေါ်မှာ တည်ရှိတဲ့ စစ်ကောင်စီတပ်စွဲနေထိုင်တဲ့ ကမ်းပါးနီး (ဒေသအခေါ် ကဘနီ)၊ နဂါးမောက်ခြံ၊ မှန်တောရွာ၊ အောင်သာယာရွာတွေမှာ တပ်စွဲနေတဲ့ စစ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာလို့ ရှေ့တန်းကနေ ခွင့်နဲ့ပြန်လာခဲ့တဲ့ CDF-KKG ရဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ နေ့ရောညပါ တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိထားပြီး စစ်ကောင်စီဘက်က တပ်သားတွေ ဖမ်းဆီးရမိထားသလို လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရမိထားတယ်လို့ ကလေးမြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တယောက်က ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံး အရေအတွက်နဲ့ ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်း အရေအတွက်ကိုတော့ သူက တိတိကျကျ ပြောပြခဲ့ခြင်း မရှိပါဘူး။

အဲဒီတိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေ၊ တိုက်ပွဲတွင်း အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ပြောဆိုထားတာ မတွေ့ရသေးဘဲ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာ‌တွေကို လေကြောင်းတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာတော့ PDF တွေနေတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ရှိကြောင်း ရေးသားထားတာတွေလည်း ရှိပါတယ်။

ဒေသတွင်းတိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးနယ်တောင်ပိုင်းက ဒေသခံ ၃၀,၀၀၀ ထက်မနည်း‌ တောတောင်တွေထဲမှာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013