Home
ဆောင်းပါး
တော်လှန်ရေးဘက်တော်သား လိပ်ကလေးများအကြောင်း
DVB
·
February 15, 2025
Design_DVB

နှုတ်မစောင့်သောလိပ် ပုံပြင်လေးက ဒီတော်လှန်ရေးကာလမှာ ပိုသက်ဝင်လာခဲ့တယ်။ လိပ်ကလေးက သူဆက်ရှင်သန်ရမယ့် နေရာရောက်​တဲ့ထိ နွားကျောင်းသားလေးတွေရဲ့ အသံကို ဥပေက္ခာပြုနိုင်ခဲ့ပြီး တုတ်ချောင်းလေးကို လွတ်မသွားအောင် ကိုက်ထားနိုင်ခဲ့ရင် မိတ်ဆွေ ၃ ဦးရဲ့  ပုံပြင်အဆုံးသတ်က လှလိုက်မယ့်ဖြစ်ခြင်း။

နွားကျောင်းသားလေးတွေရဲ့ စကားက လိပ်ကလေးကို ပျက်စီးခြင်းရောက်စေမယ့် စကားလုံးဖြစ်နေမယ်ဆိုရင်တောင် သူက စင်ပေါ်က လိပ်ဖြစ်နေပြီ။ အေးအေးလူလူကြိတ်ပြုံးပြီး လိုက်သွားရုံပဲ။ သက်သေပြ​လိုစိတ်စောခဲ့ခြင်းက သူ့ကို အထိန်းအကွပ်မဲ့သွားစေပြီး အဲဒီ ခဏတာလေးကပဲ သူ့ကို ပျက်စီးစေခဲ့တာမဟုတ်လား။ ခင်ဗျားတို့ ထင်သလိုဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောပစ်ချင်စိတ်လေးက ထိန်းချုပ်ရဦးမယ် ဆိုတဲ့ ဦးနှောက်က ဝါယာတပင်လွတ်သွားစေပြီး သူ့မိတ်ဆွေတွေရဲ့ ကြိုးပမ်းမှုကို အချည်းနှီးဖြစ်စေခဲ့တယ်။ နှုတ်မစောင့်ခြင်းကပဲ သူ့ရဲ့ ဆက်လက်ရှင်သန်ခွင့်ကို နိဂုံးချုပ်စေခဲ့တာကို သင်ခန်းစာယူဖို့ ငယ်ငယ်က သင်ယူခဲ့ရမှာပါ။ ခုတော့ ကိုယ့်မိတ်ဆွေတွေထဲမှာပဲ နှုတ်မစောင့်တဲ့ လိပ်တွေ ဘယ်လောက်များခဲ့ပြီလဲလို့ ဆန်းစစ်ရမယ့် အချိန်ဖြစ်နေပြီ။ ဘာပညာခန်းမှ မပါဘဲ မြင်သာတဲ့အချက်တွေကို အခြေခံပြီး ရိုးရိုးလေးပဲ စတွေးကြည့်ဖို့ပါ။

များသောအားဖြင့် နှုတ်မစောင့်တဲ့ လိပ်လိုသူတွေဟာ သက်သေပြလိုစိတ် များသူတွေ ပွင့်လင်းတတ်တဲ့ သဘောရှိပြီး Attention ယူတတ်သူ လူဝင်ဆန့် ပေါ်ပြူလာဖြစ်​တာကို ကောင်းကောင်းအသုံးချတတ်သူတွေ၊ ဘယ်အရာကိုဖြစ်ဖြစ် ပွင့်လင်းမြင်သာ ထင်ပေါ်စွာ လုပ်တတ်သူတွေ ဖြစ်တတ်ကြတယ်။ သူတို့ရဲ့ အားနည်းချက်က သူတို့ ဘာလုပ်နေတယ်ဆိုတာကို အလွယ်တကူ သိလို့ရနေတယ် ဆိုတဲ့အချက်ကို ဂရုမစိုက်တတ်ကြတဲ့အချက်ဖြစ်တယ်။ သိက္ခာကျမခံဘူး။ လုပ်သမျှအရာတွေအတွက် ခံစားရတဲ့ပီတိကို မျှဝေတတ်သေးတော့ သူဘယ်သူနဲ့ ရှိနေတာ။ ဘယ်လိုသူနဲ့ အဆက်အဆံရှိတာကအစ ခြေရာကောက်ဖို့ လွယ်တယ်။ တဖက်က ကြည့်ရင် ဒါက နှုတ်မစောင့်ခြင်းတမျိုးဖြစ်တယ်ဆိုတာကိုလည်း မေ့နေတတ်သူတွေပေါ့။ လူတိုင်းက သူဘာလုပ်နေတယ်ဆိုတာ သိစေချင်တဲ့သူတွေချည်း မဟုတ်ကြတော့ သိုသိပ်ကျစ်လျစ်စွာ နေတတ်သူတွေအတွက် အတန်ငယ် စိတ်အနှောင့်အယှက် ဖြစ်စေတတ်ကြပါတယ်။

ဒီတော်လှန်ရေးက ၅ နှစ်ထဲဝင်လာပြီ။ အဘက်ဘက်က ခြွတ်ခြုံကျလာတဲ့ ပြည်သူတွေ၊ တော်လှန်ရေးဘက်တော်သားတွေ အားလုံးရဲ့ ခရီးနီးလာစေဖို့ သိုသိုသိပ်သိပ် ထိထိရောက်ရောက် ဝိုင်းကြရင်း အရှိန်တန့်မသွားစေဖို့ ဉာဏ်ကို လွှာနိုင်သလောက်လွှာရပါမယ်။

ကြုံခဲ့ဖူးတဲ့ ​တော်လှန်ရေးလိပ်တွေ

ပထမဆုံး လိပ်။ သူဘာလုပ်နေတယ်၊ ဘယ်သွားနေတယ်၊ ဘယ်သူနဲ့ ရှိနေတယ်၊ ဘယ်သူ့ကို ဘယ်လိုကြောင့် ကျေးဇူးတင်ကြောင်းကအစ အကုန် လူမှုကွန်ရက်ပေါ် တင်တတ်တယ်၊ အားကျစရာဖြစ်တာပေါ့။ အာဏာသိမ်းပြီး မကြာခင်မှာပဲ မီးရထား CDM ဝန်ထမ်းတွေကို လှူတန်းချင်တဲ့ အမျိုးသမီးတယောက်နဲ့ သူ့ကို ဆက်သွယ်လာတယ်။ အလှူရှင်အမျိုးသမီးက ဘယ်ဘက်လက်က အလှူကို ညာဘက်လက်တောင် မသိစေချင်တဲ့ လူမျိုးဆိုတော့ လှူပြီး ပြတ်သွားပြီ။ သူကတော့ သူ့ဝသီအတိုင်း ကျေးဇူးတင်လွှာတွေ တင်ပါလိမ့်မယ်။ အဆက်အသွယ်များတဲ့ သူက အဲဒီလို အလှူရှင်တွေနဲ့တွေ့လိုက်။ သူလုပ်စရာရှိတာကို လုပ်လိုက်နဲ့။ ဘာလုပ်နေတယ်ဆိုတာ ရိုက်စစ် စရာမလိုဘဲ သိလို့ရနေတော့ မကြာခင်မှာပဲ သူရှောင်ဖို့ဖြစ်လာတယ်။ မိတ်ဆွေငှက်ကြီးတွေက တုတ်ချောင်းကိုက်ပြီး ထွက်လာပြီ။ သူကလည်း တွေ့တယ်မဟုတ်လားဆိုတဲ့ မျက်နှာပေးလေးနဲ့လမ်းတလျှောက် အကုန် မှတ်တမ်းတင်တယ်။ vedio ရိုက်တယ်။ ဒါပေမဲ့ လူမှုကွန်ရက်သုံးစွဲလို့ မရတဲ့နေရာမှာ သူကြာကြာ မနေနိုင်ဘူး။ သူပြန်သွားတော့ ငှက်ကြီး အသိုက်ပြောင်းရတယ်။ ၂၀၂၂ ကုန်လောက်ထင်တယ်။ သူ အဖမ်းခံရတယ်။ တော်လှန်ရေးအတွက် ရုန်းကြရတဲ့အရှိန် တန့်သွားခဲ့ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူပြန်လွတ်လာတဲ့ လပိုင်းခုချိန်ထိ အရင်လိုပါပဲ။ PDF ကလေးတွေနဲ့ သူ့လုပ်ဆောင်ချက်တွေက  ထင်ပေါ်ဆဲ။

နောက်လိပ်တကောင်ကျ တက်ကြွလှုပ်ရှား လူချစ်လူခင်ပေါ။ လူဝင်ဆန့်သူ။ ဘယ်သူ့အကြောင်းမှ သူမပြောဘူး။ သိုသိုသိပ်သိပ်လှုပ်ရှားတယ်။  အာဏာသိမ်းပြီး ဆန္ဒပြတဲ့အဆင့်ကနေ လက်နက်ကိုင် တော်လှန်လာတဲ့အချိန်ထိ အားတက်သရောပါဝင်ခဲ့တော့ လက်နက်ကိုင်ထားတဲ့ တာဝန်ချိန်က ဓာတ်ပုံတွေကို သူ့ကို စိတ်ပူပေးတတ်တဲ့ မိတ်ဆွေတွေဆီ အဆင်ပြေဘေးကင်းကြောင်း သက်သေအနေနဲ့ ပို့တတ်တယ်။ အနံ့ခံကောင်းတဲ့ ခွေးရှေ့မှာ အမဲသားတစ်သွားချပေးသလိုဖြစ်ပြီး သူဖမ်းခံရတယ်။ ရန်ကုန်တိုင်းထဲက မြို့တမြို့ရဲ့ လက်ဖက်ရည်ဆိုင်တဆိုင်မှာ ပိတ်ဖမ်းခံရတယ်။ သူနဲ့အတူ Non CDM ရာထူးကြီးဝန်ထမ်းတယောက်ရဲ့ သားပါဖမ်းမိတယ်။ ဆိုတော့ အဲဒီတယောက်က လက်ထောက်ချသူလို့ ဝိုင်းထင်ကြတယ်။ ထင်ချင်စရာကောင်းခဲ့သလို အဲဒီ အရာရှိကြီးရဲ့ သားက အပြင် ပြန်ရောက်နေပြီ။ ပုဒ်မ မတူတာနေမှာပေါ့။  သူကတော့ အထဲမှာ ၃ နှစ်ရှိပြီ။ အင်းစိန်ထောင်ကနေ တောင်ငူထောင်ကို တိတ်တဆိတ်ရွှေ့ပြောင်းခံရပြီး ခုထိ လွတ်လမ်းမမြင်သလို သူကလည်း လွတ်ငြိမ်းကိုလည်း မမျှော်၊ ကျေးဇူးလည်း မတင်လို့ ပြတ်သားတဲ့စိတ်နဲ့ အဆုံးထိ လျှောက်မယ်တဲ့။ 

နောက်သက်သေအပြ ကောင်းသူတယောက်လည်း ပညာတတ် ဆရာဝန် ထက်မြက်သူ။ တကောင်ကြွက်။ ထောက်ပို့ကောင်း။ ရန်ကုန်ကို အမြန်သိမ်းစေချင်နေသူ။ ဘယ်အဖွဲ့က ဘာလိုလို ရအောင်စီစဥ်တယ်။ တောင်ပိုင်းက ဘာလိုတယ်၊ မြောက်ပိုင်းက ဘာမှာတယ်၊ မြေလတ်က ဘယ်လို၊ ဘယ်မှာက ပဒတ်ချင်းဆိုပြီး ယုံကြည်တာအရေးမကြီး၊ စနှိုက်ကြော်ဖြစ်တော့မယ်၊ အညာက ဘာဖြစ်သည်၊ စုံစီနဖာအကုန်သိ။  သူပြောပြတာ မယုံမှာစိုးလို့ ဘောက်ချာတွေ ပြောထားတဲ့စကားတွေကို ss လုပ်ပြီးပို့တာမျိုး အတော်လုပ်တယ်။ ဂရုစိုက်။ ကူလည်းကူ လုံခြုံပါစေ ပြောရတာ။ အနှစ်ချုပ်လိုက်တော့  ၂၀၂၄ နှစ်လည်မှာ ၆ လလောက်ပျောက်သွားတာက ဖုန်းလိုင်း အင်တာနက်လိုင်းဖြတ်ထားတဲ့ ဒေသတွေ ရောက်နေတာမဟုတ်ပဲအင်းစိန်ထောင်ထဲမှာတဲ့။

နှုတ်စောင့်တဲ့ လိပ်တွေကျလည်း လှူမှန်းမသိသာ။ အပြောမရှိ။ ပုံမှန် သားသည်မိခင်။ အိမ်အလုပ် ရုံးအလုပ် ကိုယ့်အလုပ်တွေ ပိနေတဲ့ သာမန် အိမ်ထောင်ရှင်တွေပုံစံပဲ။ ဘာဆိုဘာမှ မသိသလိုလေး။ မီးရထား CDM တွေကို လှူဖူးတဲ့ အလှူရှင်က သူ လှူတန်းဖို့ ဆက်သွယ်ဖူးတဲ့သူ အဖမ်းခံရတာသိတာနဲ့ ဖုန်းနံပတ်ပြောင်း ဖုန်းပြောင်း။ မြို့ပါပြောင်းနေပစ်တာ တနှစ်ကျော်ထိပဲ။ သူက ဆန္ဒပြချိန် ပစ်သတ်ခံရတဲ့ သူတွေရဲ့ ကျန်ရစ်မိသားစုတွေအထိ အမည်မဖော်ဘဲ ကိုယ်တိုင်သွားလှူပေးတာမျိုးအပြင် ကြီးကြီးမားမားထောက်ပို့ လှူတန်းခဲ့သူဖြစ်ပေမဲ့ ခုလည်း ကချင်ပြည်နယ်မြို့ကြီးမှာပဲ သာမန်အိမ်တောင်ရှင်တယောက်လိုပဲ ရှိနေဆဲ။

ငှက်ကြီးလုပ်မိတဲ့ ၂ ယောက်ရှိတယ်။ ၂ ယောက်လုံး ထိုင်းနယ်စပ်ကိုရောက်သွားပြီ။ တယောက်ကတော့ ဆိုရှယ်မီဒီယာနဲ့ ကင်းကွာမနေတတ်တဲ့ သူ့ရဲ့လိပ်ကလေး​ကြောင့် ချက်ချင်း နေရာရွှေ့တာတောင် အဲဒီ တောတွင်းထဲမှာ စစ်ကြောင်းနဲ့ လွဲရုံလေး ကပ်သီ လွတ်သွားတာ။ မိသားစုဘေးကင်းပေမဲ့ အခြေတော့ ပျက်သွားခဲ့တာပေါ့။ 

နောက်ငှက်ကြီးကတော့ single mom တယောက်။ ကလေးနဲ့ အမေအိုနဲ့ အလုပ်ပိနေတဲ့ အိပ်ရေးမဝတတ်တဲ့ ပုံစံနဲ့။ ခြေစ လက်စမပေါ်စေရ။ လှူတတ်ထောက်ပို့ကောင်းသူလေ။ ၂၀၂၄ မှာတော့ သူမရှောင်လို့ မရတော့ဘူး။ ဘယ်လို အနံ့ရသွားတယ်မသိပေမဲ့ ခုတော့ ထိုင်းနယ်စပ်မှာ ဖတ်သီဖတ်သီဖြစ်နေလိမ့်မယ်၊ အရည်အချင်းရှိသူဆိုတော့ သူကျော်ဖြတ်နိုင်မှာပဲလို့ စိတ်ချနေရင်း ထိုင်းအာဏာပိုင်တွေရဲ့ ရှောင်တခင် ညစ်ပတ်မှုတွေတိုင်းက လွဲပါစေ ဖယ်ပါစေလို့ ဆုတောင်းပေးရုံမှ တပါးပေါ့။ 

ဒီမြင်သာတဲ့ ရိုးရိုးအနေအထားမှာ လွတ်သွားသူတွေနဲ့ အဖမ်းခံရသူတွေကြားက ကွာခြားချက်က တခုတည်းရှိတယ်။ စောင့်ထိန်းနိုင်ခြင်းပဲ။ နှုတ်မစောင့်ခြင်းက ကိုယ်အမူအရာမှာ ထင်ဟပ်ပြီး အပြုအမူတွေမှာ သွားပေါ်လွင်တော့ ဘေးလူအကြည့်မှာတင် မိတော့တာပါပဲ။ ကိုယ့်ရဲ့ နှုတ်မစောင့်ခြင်းက တော်လှန်ရေးရဲ့ ထောက်တိုင်တွေကို ဆွဲနှဲ့ နေတယ် နောက်ဆက်တွဲဆိုးကျိုးတွေ တသီကြီးနဲ့ တော်လှန်ရေးအရှိန်ကို နှေးကွေးသွားစေတယ်ဆိုတာကို သတိထားသင့်ပါတယ်။ အဲဒီ သာမန်အချက်ကလေးတခုကပဲ တော်လှန်ရေးရေချိန်ကို ထိန်းညှိနိုင်တာမို့ ၄ နှစ်တာခရီးကြမ်းကို ဆန်းစစ်ရင်း နှုတ်စောင့်ကြဖို့ နှိုးဆော်လိုက်ရပါတယ်။

Di Seng

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024