Home
မြန်မာသတင်း
ဆင်ဖြူကျွန်း-တညောင် လမ်းကို PDF ပြန်ဖွင့်၊ လေယာဉ်ဖြင့်ချသည့်ရိက္ခာထုပ်အချို့ PDF များရ
DVB
·
January 25, 2025
Photo-People Defence Comrade (PDC)

မကွေးတိုင်းမှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းရာမှာသုံးနေလို့ ယာယီပိတ်ပင်ထားတဲ့ ဆင်ဖြူကျွန်း-တညောင် ကားလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်က ပြန်ဖွင့်ပေးလိုက်ပြီး စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာတော့ စစ်တပ်ကလေယာဉ်နဲ့ချပေးတဲ့ ရိက္ခာထုပ်တချို့ကို PDF အဖွဲ့တွေရခဲ့ကြပါတယ်။

မကွေးတိုင်းအနောက်ခြမ်းက ဆင်ဖြူကျွန်း-တညောင် ကားလမ်းပိုင်းကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ သတ်မှတ်ချိန်အတွင်းပဲသုံးဖို့ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း ပကဖ) ဆီကနေ သိရပါတယ်။

စလင်းမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဆန်းက “ဆင်ဖြူကျွန်း-တညောင် ဆက်သွယ်ထားတဲ့ကားလမ်းပိုင်းမှာ စစ်ကောင်စီဘက်က မော်တော်ယာဉ်အများအပြားနဲ့ စကစတပ်ဖွဲ့ဝင်တွေ အင်အားအလုံးအရင်းဖြည့်တင်းနေတယ်။ အဲဒါကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တာဖြစ်လို့ ပြည်သူလူထု ထိခိုက်မှုမရှိစေရေးအတွက် လမ်းပိုင်းအသုံးပြုမှု ယာယီပိတ်ပင်လိုက်ရတာဟာ ၂၄ နာရီလောက်ပဲ ကြာမြင့်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဆင်ဖြူကျွန်း-တညောင်ဆက်သွယ်ထားတဲ့ကားလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းပဲ အသုံးပြုသွားလာကြဖို့ ဒေါင်းစစ်အောင် (LPDF) က ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ထားခဲ့တာလည်း ဖြစ်ပါတယ်။

Local PDF အဖွဲ့ဖြစ်တဲ့ ဒေါင်းစစ်အောင် LPDF ရဲ့ တာဝန်ခံ ကိုထူးလေး က “အဲဒီလမ်းတွေပေါ်မှာ တိုက်ပွဲတွေကဆက်တိုက်ဖြစ်နေတာကို ပြည်သူတွေကလည်း မဆင်မခြင်သွားလာနေကြတယ်။ တိုက်ပွဲတွေကြားထဲမှာ ပြည်သူတွေထိခိုက်မှုဖြစ်သွားရင် ကျတော်တို့ကိုပဲ အပြစ်ပြောကြမှာလေ။ အဲ့ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့လည်း သတ်မှတ်ချိန်အတွင်းမှာပဲ သွားလာကြပါ။ ပြည်သူတွေအနေနဲ့ သတ်မှတ်ချိန်မဟုတ်တဲ့ ညပိုင်းတွေမှာ အရေးပေါ်ကိစ္စတွေနဲ့ခရီးသွားချင်ရင်တော့ ကျနော်တို့အဖွဲ့ဆီကို ကြိုတင်အကြောင်းပေးကြပါလို့ မေတ္တာရပ်ခံချင်တာပါဗျ” လို့ DVB ကိုပြောပါတယ်။

ထုတ်ပြန်ချက်ကိုလိုက်နာမှုမရှိသူတွေအနေနဲ့ နောက်ဆက်တွဲအခြေအနေတွေကို တာဝန်ယူ ဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့လည်း သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂ဝဝ နီးပါး ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းက စလင်းမြို့နယ်၊ တညောင်တိုက်နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့အတွက် ဒေသခံပြည်သူ ထောင်ချီပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။

စလင်းမြို့နယ်ထဲမှာ စစ်ရေးအခြေအနေတင်းမာနေတဲ့အတွက်လည်း ဒေသခံပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့်လိုက်နာပေးကြဖို့ မေတ္တာရပ်ခံ​ထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာတော့ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က လေယာဉ်နဲ့ချပေးတဲ့ ရိက္ခာထုပ်တချို့ကို PDF အဖွဲ့တွေရရှိခဲ့ကြတယ်လို့ သိရပါတယ်။

မြေပြင်သတင်းစုံစမ်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးဌာန (ရေဦးအခြေစိုက်) (People Defence Comrade (PDC) တာဝန်ခံ အမေ့သား က “ဒီပဲယင်းမြို့နယ်ထဲမှာတပ်စွဲနေတဲ့ စစ်သားတွေဖို့ မိတ္ထီလာရှမ်းတဲဘက်ကလာတဲ့ Y8 ထောက်ပို့လေယာဉ်ကနေ ၁၂ ကြိမ်လောက် လေထီးတွေနဲ့ချပေးတဲ့ ရိက္ခာထုပ်ပေါင်း ၉၀ နီးပါးထဲကနေ ရိက္ခာထုပ်တချို့ကို PDF တပ်ဖွဲ့တွေရရှိသွားခဲ့ကြတာပါဗျ” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အလွန်အကျွံအသုံးပြုခဲ့လို့ တော်လှန်ရေး တပ်ဖွဲ့တွေဟာ ပြန်လည်ဆုတ်ခွာပေးခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီပဲယင်းမြို့ပေါ်ကို ပြန်လည်တပ်စွဲနေကြတာဖြစ်ပါတယ်။

ဒီပဲယင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “သူတို့ချပေးတဲ့ ရိက္ခာနဲ့ ဆေးဝါးအထုပ်တချို့ကို ကျနော်တို့ဘက်ကလည်း ရလိုက်ပါတယ်။ ကျန်တဲ့အဖွဲ့တွေ ရလိုက်တာလည်းရှိပါတယ်။ ဒါပေမယ့် တချို့အထုပ်တွေကျတာက စစ်ခွေးတွေရှိနေတဲ့နေရာနဲ့ နီးပေမယ့် ကျနော်တို့ဘက်ကဟန့်တားနိုင်တာကြောင့် သူတို့ဘက်ကထွက်မကောက်ရဲကြဘူး။ အခုချိန်ထိကျတဲ့နေရာမှာပဲဒီအတိုင်းရှိနေသေးတာတွေ့ရတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီပဲယင်းမြို့ပေါ်က မြို့မရဲစခန်း၊ ဇွဲ စားသောက်ဆိုင်နဲ့ စာသင်ကျောင်းတချို့မှာ တပ်စွဲနေကြတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ဒီပဲယင်းမြို့ရဲ့ အနီးဝန်းကျင်တွေကို ထိန်းချုပ်ထားဆဲဖြစ်ပြီး မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလထဲကလည်း ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ပွားခဲ့ကြတဲ့ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မိုင်းစစ်ဆင်ရေးမှာပါဝင်နေတဲ့ အဓိကတာဝန်ရှိသူကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013