Home
မြန်မာသတင်း
စစ်ကောင်စီ တပ်အင်အားဖြည့်တင်းနေသဖြင့် ဆင်ဖြူကျွန်း-တညောင် ကားလမ်းပိုင်းကို PDF က ယာယီပိတ်
DVB
·
January 23, 2025
Photo-စလင်း ပကဖ

မကွေးတိုင်း အနောက်ခြမ်းမှာ စစ်ကောင်စီတပ်က စစ်သည်အင်အားဖြည့်တင်းရာမှာ အသုံးပြုနေတဲ့ စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်း-တညောင် ကားလမ်းပိုင်းကို ဇန်နဝါရီ ၂၂ ရက်ကနေ စတင်ပြီး ယာယီပိတ်ပင်​ထားလိုက်တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း ပကဖ) ဆီကနေ သိရပါတယ်။

စလင်း ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဆန်းက “ဆင်ဖြူကျွန်း-တညောင် ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီဘက်က မော်တော်ယာဥ်အများအပြားနဲ့ ပကစတွေ အင်အားအလုံးအရင်းဖြည့်တင်းနေတယ်။ အဲ့ဒါကြောင့် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားလာနိုင်တာဖြစ်လို့ ပြည်သူလူထုထိခိုက်မှုမရှိစေရေးအတွက် အခုလို လမ်းပိုင်းအသုံးပြုမှုကို ယာယီကန့်သတ်တားမြစ်ရတာ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဆိပ်ဖြူမြို့နယ်က လေတပ်သုံးဗုံးသီးတွေ ထုတ်လုပ်တဲ့ ကပစ ၂၁၊ လက်နက်တွေ ထုတ်လုပ်တဲ့ ရွှေဘိုးကျွန်းရွာအနီးက ကပစ ၂၂၊ ကျည်ဆန်အပြင် လေကြောင်းရန် ကာကွယ်ရေးလက်နက်ကြီးတွေ ထုတ်လုပ်တဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ ၂၅ နဲ့ အတိုပါစက်ရုံတွေက်ု လျှပ်စစ်ဓာတ်အားပို့လွှတ်နေတဲ့ ဓာတ်အားခွဲရုံတွေကို ကာကွယ်ဖို့ စစ်သည်အင်အားတွေ ဖြည့်တင်းနေတာလို့ ဆိုပါတယ်။

“စစ်တပ်မှာ ပကစ စက်ရုံ ၂၅ ခုရှိတဲ့ အထဲက ၁၅ ခုက မကွေးတိုင်းထဲမှာ အခြေစိုက်တယ်။ အဲ့ဒီထဲက ကပစ ၂၁၊ ၂၂ နဲ့  ၂၅ တွေကို တညောင် လျှပ်စစ်ဓာတ်အားခွဲရုံကနေ မီးနေပေးတယ်။ အဲ့ဒီက ဓာတ်အားခွဲရုံကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လိုက်ရင် အခုဏက ကပစ ၃ ခုလုံးမှာ လျှပ်စစ်မီးပြတ်တောက်မယ်။ အဲ့ဒါတွေကြောင့်မို့ အင်အားတိုးမြှင့်တယ်လို့တော့ ယူဆရတယ်ဗျ။ အဲ့ဒီ ကပစ စက်ရုံတွေကလည်း စစ်တပ်အတွက် အရေးပါပုံရပါတယ်” လို့ စလင်း ပကဖ တာဝန်ခံ အမ်ဖိုး က DVB ကို ပြောပါတယ်။ 

အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်တွေအတွင်း စစ်ကောင်စီ တပ်စခန်း အများအပြား ကျဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ မကွေးတိုင်းအနောက်ခြမ်းက စစ်ကောင်စီ တပ်စခန်းတွေကို စစ်သည်အင်အား၊ ရိက္ခာနဲ့ လက်နက်တွေ ဖြည့်တင်းနေတဲ့အတွက်လည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခု ယာယီပိတ်ပင်လိုက်တဲ့ ဆင်ဖြူကျွန်း-တညောင်ကားလမ်း ပြန်လည်ဖွင့်လှစ်ပေးမယ့်အချိန်ကို ထပ်မံကြေညသွားမှာဖြစ်ပြီး ယာယီပိတ်ပင်ထားချိန်အတွင်း ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိသူတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေကို တာဝန်ယူဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

စလင်းမြို့နယ်ထဲမှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက်လည်း ဒေသခံပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့်လိုက်နာပေးကြဖို့ မေတ္တာရပ်ခံ​ထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013