Home
မြန်မာသတင်း
နမခမှ ထွက်လာသည့် စစ်ကောင်စီတပ် ထောက်ပို့လမ်းကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ 
DVB
·
January 13, 2025

အနောက်မြောက်တိုင်း စစ်ဌာနချုပ်-မုံရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ လမ်းကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)  တွေက ကြားဖြတ်တိုက်ခိုက်တာတွေ  ဆက်တိုက်ပြုလုပ်နေပါတယ်။

ဇန်နဝါရီ ၈ ရက်က အရာတော်လေ့ကျင့်ရေးတပ်ကို နမခကနေ ပို့ဆောင်တဲ့  ထောက်ပို့တဲ့ လမ်းကြောင်းကို မုံရွာ PDF ပူးပေါင်းအဖွဲ့တွေက ချောင်းဦးနယ်ကနေ ဖြတ်တိုက်ခဲ့ပြီး ဟောင်ဝစ်ဇာ လက်နက်ကျည်တွေ အပါအဝင် ခဲယမ်းတွေ ကားတစီးတိုက်စာနီးပါး ရခဲ့တယ်လို့ ဒေသခံ ပကဖအဖွဲ့ကနေ သိရပါတယ်။

စစ်ကောင်စီက ပြည်သူတွေကို ဖိအားပေး တိုက်ခိုက်တာတွေ မလုပ်နိုင်အောင် PDF တွေက ကြားဖြတ်တိုက်ခိုက်တဲ့နည်းလမ်းကို သုံးပြီး ပြန်လည်ဖိအားပေးနေတာလို့ မုံရွာခရိုင်ပကဖ   တာဝန်ရှိသူတယောက် ဖြစ်တဲ့  ကိုကျော်ဇင်က ပြောပါတယ်။

“နမခကလည်း သူတို့ဌာနချုပ်တခု ဖြစ်တယ်ဆိုပေမဲ့ ထိုးစစ်တွေလည်း ဆင်နိုင်တာမရှိဘူး။ နမခကို အထောက်သဘောမျိုးထားတဲ့ စခန်းတွေမှာလည်း ထောက်ပို့ရေးရာတွေမှာ တော်တော်လေး အားနည်းသွားပြီပေါ့လေ။ စစ်မှုထမ်းရအောင်ဆိုပြီးတော့ ပေါ်တာဆွဲတာတွေ စောစောဆီကတော့ စိပ်စိပ်ဖြစ်တယ်။ လောလောဆယ် သူတို့စစ်ကြောင်းကို ဖြတ်တောက်မှုတွေ များနေတဲ့အပေါ်မှာ အဲဒီဘက်ကို နည်းနည်းလုံးနေရတဲ့သဘော ရှိတယ်။ စစ်တပ်ကနေပြီးတော့မှ ပုံမှားရိုက်ပြီးတော့ ပြည်သူလူထုကို ခဏတိုင်းလိုလို ပြန်ပေးဆွဲ၊ ဓားပြတိုက်မှုတွေ အစီအစဥ်လုပ်နေတာကတော့ ဒါ စစ်သားတွေကပဲ လုပ်တယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဟုတ်လည်းဟုတ်နေပါတယ်။”

ဇန်နဝါရီ ၅ ရက်က စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ ကနေ ဆားတောင်-ရှိန်းမကားမှာ အင်အားပူးပေါင်းဖို့လာတဲ့ စစ်ကြောင်းကို ဝက်လက်နယ်၊ အုန္နဲဘုတ်ရွာမှာ ဒေသ PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဝက်လက် PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

ဝက်လက်နယ်ဟာ မန္တလေးတိုင်း မတ္တရာနယ်အစပ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး စစ်ကောင်စီက PDF တွေ ပူးပေါင်းလို့မရအောင် စစ်ကြောင်းတွေထိုးဖို့ ကြိုးစားတာကို PDF တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ဝက်လက်PDFတယောက်ဖြစ်တဲ့ စွန်ရဲက “စုစုပေါင်းက သူတို့ ၆၇ ယောက်လာတယ် ပြောတယ်။ အခုထွက်သွားတာက ၃၀ လောက်ပေါ့။ တချို့ကလည်း အိမ်တွေထဲထည့်ပြီးတော့ မီးရှို့ပစ်ခဲ့တဲ့ဟာတွေလည်း ကျနော်တို့ အရိုးတွေ ပြန်တွေ့တယ်။ တချို့ကလည်း စပါးကောက်ရိုးပုံတွေထဲ ထည့်ပြီးတော့ ရှို့ထားခဲ့တာတွေလည်း ရှိတယ်ဆိုတော့ အားလုံး အရှင်မိတာက ၃ ယောက် မိတယ်။ ခဲယမ်းလက်နက်တွေ ပါမယ်ပေ့ါနော်၊ သေတာတွေက အားလုံး ကျနော်တို့ မှန်းတာက ၃၀ ကျော်မှန်းပါတယ်။ လေယာဉ်က ၅ စင်းလာပစ်တာ။ အကြိမ် ၂၀ လောက်ပစ်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားဒေသတွေမှာ ဆုံးရှုံးမှုများခဲ့တာကြောင့် ထိန်းနိုင်ခြေရှိသေးတဲ့ အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့မှာ အင်အားပိုသုံးနေတာပါ။

PDF တွေကလည်း သိမ်းထားတဲ့မြို့တွေနဲ့ စခန်းတွေ ပြန်လက်မလွှတ်ရရေးကို ပိုအားစိုက်နေပြီး စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တဲ့နည်းနဲ့ ပြန်လည် တုံ့ပြန်နေတာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024