Home
မြန်မာသတင်း
စေတုတ္တရာတွင် PDF ရဲဘော်များ ကူးစက်ယားနာ ဖြစ်ပွားနေ 
DVB
·
January 11, 2025

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ တော်လှန်ရေးရဲဘော်တွေ ကူးစက်တတ်တဲ့ ယားနာရောဂါတမျိုး ကြုံတွေ့နေရပြီး တိုက်ပွဲဖော်ဆောင်မှုတွေပါ ရွှေ့ဆိုင်းနေရတယ်လို့ မင်းဘူးခရိုင် တပ်ရင်း-၃ ဆီက သိရပါတယ်။

အဲဒီ အရေပြားကူးစက်ရောဂါကို ၂၀၂၄ ခုနှစ် ၁၀ လပိုင်းက စတင်ဖြစ်ပွားခဲ့ပြီး ရဲဘော်တွေရဲ့ တောထဲမှာ နေထိုင်ရတဲ့ပုံစံတွေ အပါအ၀င် ရေမသန့်ရှင်းမှုတွေ၊ တကိုယ်ရေသန့်ရှင်းမှုနဲ့ အ၀တ်စား မျှဝေသုံးစွဲတာတွေကြောင့် ကူးစက်မှုမြင့်တက်ကာ ရဲဘော် ၆၈ ယောက်ခန့်ထိ ကူးစက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မင်းဘူးခရိုင် တပ်ရင်း-၃ (ပြည်သူ့လွတ်မြောက်ရေးအင်အားစု-စေတုတ္တရာ) ရဲ့ တပ်ရင်းမှူးက “ပြီးခဲ့တဲ့ ဒီဇင်ဘာရော အခုလပိုင်းမှာပါ စီစဥ်ထားတဲ့ တိုက်ခိုက်ရေး လုပ်ငန်းစဥ်တချို့ ရွှေ့ဆိုင်းလိုက်ရတယ်။ မစ်ရှင်ပလန် သုံးလေးခုလောက်ထိကို ရွှေ့ဆိုင်းလိုက်ရတယ်။ ဖြစ်တာက ရေနဲ့ ရဲဘော်တွေရဲ့ တကိုယ်ရေသန့်ရှင်းမှု လိုအပ်ချက်တွေကြောင့် ဖြစ်ပေါ်ခဲ့ပြီး ကူးစက်ခဲ့တာ” လို့ ပြောပါတယ်။

လက်ရှိမှာ ကူးစက်ခံရသူတွေအများစု သက်သာလာပေမဲ့ စောင့်ကြည့်နေရဆဲအခြေအနေ ဖြစ်သလို အရေပြားကူးစက်ရောဂါဖြစ်တဲ့ ရဲဘော်တွေကို သီးခြားကုသမှု ခံယူနေရကာ တချို့ရဲဘော်တွေမှာ အမျိုးသားအင်္ဂါတွေကအစ ဖြစ်နေတာကြောင့် ပုံမှန်သုံးနေကြ Underwear တွေကအစ လဲဖို့လိုအပ်တယ်လို့ ဆက်ပြောပါတယ်။

ဒါကြောင့် ရဲဘော်တွေ တယောက်စီအတွက် သီးသန့်သုံးနိုင်မယ့် အ၀တ်အစား လိုအပ်နေပြီး အဓိကအနေနဲ့ ဆပ်ပြာ၊ အတွင်းခံဘောင်းဘီ (Underwear) တွေ အဓိကလိုအပ်နေတယ်လို့ သိရပါတယ်။

တပ်ရင်းမှူးက “တော်တော်များများ ယားနာတွေကြောင့် ရှက်တယ်ပေါ့။ အဲဒါကြောင့် quarantine ၀င်ရတဲ့အချိန်မှာ သူတို့ရဲ့ ဘာမှမလုပ်ဘဲ ဒီတိုင်းရှိနေကြတဲ့ အခြေအနေမှာ သူတို့စိတ်ပိုင်းဆိုင်ရာတွေကအစ ထိခိုက်မှုရှိတယ်” လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့လွတ်မြောက်ရေးအင်အားစု-စေတုတ္တရာတပ်ဖွဲ့အနေနဲ့ တပ်ဖွဲ့၀င်တွေအတွက် လိုအပ်တဲ့ ဆေး၀ါးနဲ့ ဆေးကုသမှုအတွက် ဆောင်ရွက်ပေးပေမဲ့ ဆေး၀ါးအတွက် သယ်ယူပို့ဆောင်ရေး အနေအထားနဲ့ ဆေးအသုံးစရိတ်အတွက် လိုအပ်ချက်တွေ ရှိနေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013