Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်း၌ မီးသတ်အရာရှိနှင့် စစ်တပ်မိသားစုဝင် ၆ ဦးကို PDF ဖမ်းဆီး
DVB
·
January 9, 2025
Photo-Aung San's Land Natmauk

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ မီးသတ်လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ မိသားစုဝင် ၆ ယောက်ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ Aung San’s Land Natmauk အဖွဲ့ဆီကနေ သိရပါတယ်။

Aung San's Land အဖွဲ့ရဲ့ ဘဏ္ဍာရေးရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အောက်စီဂျင်က “ပျော်ဘွယ်နဲ့ ရမည်းသင်းကြားက အမြန်လမ်းပေါ်မှာ မိုင်တိုင် ၂၆၂ နဲ့ နတ်မောက် ဆက်သွယ်တဲ့ လမ်းပိုင်းမှာ ကျနော်တို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ လမ်းသွားလမ်းလာကားတွေကို စစ်ဆေးရေးတွေ လုပ်ဆောင်စဥ်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ ရဲဘော်တွေကလည်း အရပ်ဝတ်တွေနဲ့ဆိုတော့ သူတို့ဘက်က စစ်(--)တွေက စစ်တယ်ထင်ပြီး သူတို့ကိုယ်သူတို့ စစ်တပ်အောက်က ဝန်ထမ်းတွေဖြစ်တယ် ဆိုတာကို ထုတ်ပြောကြတယ်။ သူတို့ရဲ့မှတ်ပုံတင်တွေနဲ့ တိုက်ကြည့်တော့လည်း မှန်နေတာမလို့ ဖမ်းဆီးလိုက်တာပါ” လို့ ပြောပါတယ်။

Aung San's Land အဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နဲ့ ၃၁ ရက်တွေမှာ ပျော်ဘွယ်နဲ့ ရမည်းသင်းမြို့နယ်ကြားက အမြန်လမ်းပေါ် မိုင်တိုင်အမှတ် ၂၆၂ ဝန်းကျင်မှာ ခရီးသွားမော်တော်ယာဥ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ဒီဇင်ဘာ ၂၇ ရက်မှာ စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေဘနဲ့ ဇနီးတို့ဖြစ်ကြပြီး ဒီဇင်ဘာ ၃၁ ရက်မှာတော့ တက္ကစီကားနဲ့လာတဲ့ တပ်မ ၈၈ က စစ်တပ်အရာရှိ ဗိုလ်ကြီးတယောက်ရဲ့ ဇနီးဖြစ်သူ ဒေါ်ယုယုခိုင်၊ ထောက်ပို့တပ်က တပ်ကြပ်တယောက်၊ ကပစက စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်နဲ့ ပျူစောထီးတယောက်တို့ ၆ ယောက်ကို ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Aung San's Land အဖွဲ့ရဲ့ မြေပြင်တာဝန်ခံ ဘာမထီက “သူတို့တွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လုံခြုံရေးအရ လတ်တလော ထုတ်ပြောလို့ မရသေးပါဘူး။ တခုပြောလို့ရတာကတော့ မီးသတ် ရွှေဘရဲ့ ဖုန်းကို စစ်ဆေးတဲ့ အခါမှာတော့ တော်လှန်ရေးအဖွဲ့တွေရဲ့သတင်းကို စုံစမ်းပြီး စစ်ကောင်စီဘက်ကို ပို့ထားတာတွေနဲ့ လာဘ်ငွေတွေယူထားတဲ့ သက်သေအထောက်အထားတွေကို တွေ့ရတယ်ပေါ့ဗျာ။ သူတို့ကို အနည်းငယ်စစ်ဆေးပြီးတော့ နောက်ရက်မှာပဲ သက်ဆိုင်ရာ မြို့နယ်ပကဖအဖွဲ့တွေဆီကို လွှဲပြောင်းပေးခဲ့တယ်။ အရေးယူတဲ့အပိုင်းကတော့ သက်ဆိုင်ရာ ပကဖတွေဘက်ကပဲ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ကျနော်တို့တပ်ဖွဲ့က မကွေးတိုင်းထဲမှာပဲ စစ်ရေးလှုပ်ရှားတာ ဆိုပေမဲ့ စစ်ရေးအရ လိုအပ်လာရင်လည်း အခုလို ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ တခါတည်း စစ်ကောင်စီအောက်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေကြသူတွေကို မှာချင်တာက ကျနော်တို့အဖွဲ့တွေ လမ်းပေါ်ကနေ မြို့ပေါ်ကို လာတော့မှာပါ။ မြို့ပေါ်ရောက်မှ အလံဖြူမထောင်နဲ့၊ အခုကတည်းက အလင်းဝင်ကြပါ ဆိုတာလေး ပြောချင်တာပါ” လို့ DVB ကို ပြောပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ သွားလာကြတဲ့ မော်တော်ယာဥ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အခါအားလျော်စွာ စစ်ဆေးမှုတွေ ဆောင်ရွက်နေကြသလို စစ်ကောင်စီဘက်ကလည်း စစ်ဆေးရေးဂိတ်တွေ အများအပြား ဖွင့်လှစ်ကာ စစ်ဆေးတာတွေ ဆောင်ရွက်နေကြတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်ကလည်း အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၈ ဝန်းကျင်မှာ မြင်းခြံခရိုင်တပ်ရင်း ၄ နဲ့အတူ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ခရီးသွားမော်တော်ယာဥ်တွေကို စစ်ဆေးတာတွေအပြင် စစ်ရေးနဲ့ပတ်သက်တဲ့ အသိပညာပေးတာတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013