စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာချပေးတဲ့ ကျည်ဆန်နဲ့ ရိက္ခာထုပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရရှိသွားတယ် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဇန်နဝါရီ ၂ ရက် မနက် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ခဲယမ်းနဲ့ ရိက္ခာတွေပါတဲ့ အထုပ်တွေကို လေကြောင်းကနေချထားပေးခဲ့တာဖြစ်ပါတယ်။
ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရှိမ်းမကားရွာ အနောက်ဘက်မှာရှိတဲ့ ရှိမ်းမကားနယ်မြေရဲစခန်းကို စစ်တပ်က လေယာဥ်နဲ့ ချပေးတဲ့ အထုပ်တွေထဲကနေ ကျနော်တို့စခန်းနားကို တထုပ်ကျလာလို့ ရခဲ့တာပါ” လို့ ပြောပါတယ်။
PDF တွေရတဲ့ အထုပ်ထဲမှာ ၅ ဒသမ ၅၆ကျည် ၁၀၀၀ ကျော် ( ကျည်ဆန်ဘူး ၂၀ ဘူးပါ အထုပ် ၄ ထုပ်) နဲ့ တခြားရိက္ခာခြောက်အထုပ်တွေပါလာတယ်လို့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ (ဝက်လက်) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမွန်ကြီးက ပြောပါတယ်။
ကျည် ၁၀၀၀ ကျော်ကိုတော့ မဟာမိတ်တွေဖြစ်တဲ့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ (ဝက်လက်) ၊ ပြည်သူ့အစေခံ တော်လှန်ရေး တပ်ဖွဲ့နဲ့ နတ်တော်နဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အဖွဲ့ ၃ ဖွဲ့ခွဲယူလိုက်ကြပါတယ်လို့လည်း ပြောပါတယ်။
ရှိမ်းမကားရွာအနောက်ဘက်မှာရှိတဲ့ ရွှေဘိုနဲ့ စစ်ကိုင်းခရိုင်တွေကိုဆက်သွယ်ထားတဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ တနှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး အဆိုပါနေရာတွေကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီနဲ့ ည ၇ နာရီကြားမှာ တိုက်လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရှိမ်းမကားကျေးရွာရဲစခန်းမှာ ၂၀၂၂ ဇန်နဝါရီကနေ စတင်တပ်စွဲနေပြီး ဒေသခံပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်တာတွေအပြင် ပြည်သူတွေကို ဖမ်းဆီးနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။