Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်းက PDF စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦးကျဆုံး
DVB
·
January 18, 2025
စော်ဘွားရေရှင်ရွာအနီးလေကြောင်းတိုက်ခံရပုံ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စော်ဘွားရေရှင်ရွာအနီးက ဒေသကာကွယ်ရေးတပ်စခန်းတခု လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက် ကျဆုံး၊ ၁၀ ယောက်ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်ဒီနေ့မနက်ပိုင်း ၇ နာရီလောက်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး အသက် ၂၀ ကနေ ၃၀ ကြားရှိတဲ့ PDF ရဲဘော် ၃ ယောက် ကျဆုံးပြီး ၁၀ ယောက်ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ အဲဒီတပ်ဖွဲ့နဲ့နီးစပ်တဲ့သူတယောက်က ပြောပါတယ်။

ထိခိုက်သေဆုံးခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ကလေးနယ်တောင်ပိုင်း တင်သားအုပ်စုက ရဲဘော်တွေ ဖြစ်ကြပြီး ဒဏ်ရာရသူတွေကတော့ လတ်တလောမှာ ဆေးကုနေကြတယ်လို့ သိရပါတယ်။

လေကြောင်းတိုက်မှု အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြောဆိုထားတာ မရှိသေးသလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်‌တွေဘက်ကလည်း ထုတ်ပြန်ထားတာ မ‌တွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်းအတွင်းမှာ ရုံးဖွင့်မယ်လို့ NUG ဝန်ကြီးတချို့က ပြောဆိုပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းက တော်လှန်‌ရေးနယ်မြေတွေကို စစ်ကောင်စီက လေကြောင်းကနေ ခပ်စိပ်စိပ် တိုက်ခိုက်လာနေတာပါ။

ဇန်နဝါရီ ၁၆ ရက်နေ့ညကလည်း NUG သိမ်းထားတဲ့ ခမ်းပါတ်မြို့ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ပလဖရဲဘော်တယောက်နဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီ ၂၂ ရက်ကလည်း စစ်ကောင်စီက စော်ဘွားရေရှင်ရွာကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013