
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူရွာကို ဇန်နဝါရီ ၂၁ ရက် နေ့ခင်း ၁ နာရီခွဲက စတင်ပြီး ရိက္ခာအထုပ်တွေ ချသွားတယ်လို့ အင်မထီးပျူရွာအနီး ကျေးရွာတွေက ပြည်သူတွေဆီကနေ သိရပါတယ်။
အဆိုပါလေယာဉ်ဟာ Y8 အမျိုးအစားဖြစ်ပြီး တံတားဦးကနေ လာရောက်ကြဲချတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “ရွာပေါ်ကနေ တခါချရင် အထုပ်ကြီး ၆ ထုပ် ကြဲချတာဗျ။ ၁၂ ခေါက်ချသွားတယ်။ အဲတော့ အထုပ်ပေါင်း ၇၂ ထုပ် ကြဲသွားတာ။ ကျနော်တို့အမြင်ကတော့ ရိက္ခာထုပ်တွေ ဖြစ်မယ်လို့ ထင်ပါတယ်ဗျ” လို့ ပြောပါတယ်။
ပုလဲမြို့နယ်မှာ စစ်တပ်စိုးမိုးနယ်မြေဖြစ်တဲ့ အင်မထီးရွာ၊ ဇီဖြူကုန်းရွာ၊ ကန့်ဒေါ့င့်ရွာနဲ့ ပုလဲမြို့ပေါ် စတဲ့ နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မြေပြင်လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာကြောင့် ရိက္ခာပြတ်တောက်နေကြတာလည်း ဖြစ်ပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုကျော်စိုးဝင်းက “စစ်တပ်က မြေပြင်လမ်းကြောင်းကနေ စစ်ကြောင်းထိုးပြီး ပျူရွာတွေနဲ့ စစ်တပ်အထိုင်စခန်းတွေကို ထောက်ပို့လမ်းကြောင်း လုပ်မပေးနိုင်တာ ကြာပြီဗျ။ မနေ့ကတော့ အင်မထီးပျူရွာကို လေယာဉ်နဲ့ ရိက္ခာလာပို့သွားတာ။ သူတို့လည်း အဲလိုမှမပို့လည်း သေရုံပဲ ရှိကြတော့မယ်။ ကျနော့်အမြင်ကတော့ ကိုယ့်ရဲ့လုံခြုံစားသောက်ရေးတောင် အပြည့်အစုံ လုပ်မပေးနိုင်တဲ့ စစ်တပ်လက်အောက်မှာ မနေဘဲ ပြည်သူအများရှိတဲ့ဘက်ကို အလင်းဝင်စေချင်တယ်။ ဘာပဲပြောပြော ကိုယ့်မြို့နယ်သူ မြို့နယ်သားတွေ အငတ်ဘေး ဖြစ်နေတာကိုတော့ မကြည့်ရက်ဘူး။ အမြန်ဆုံး ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ကြပါလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
အင်မထီးပျူရွာကို စစ်တပ်က စက်တင်ဘာ ၂၈ ရက်မှာလည်း လေယာဉ်ပေါ်ကနေ ရိက္ခာထုပ်နဲ့ လက်နက်ခဲယမ်းတွေ ချပေးခဲ့ပြီးနောက်ပိုင်း အခုတကြိမ် ရိက္ခာထုပ်တွေ ထပ်ချပေးတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပျူရွာတွေမှာ ရိက္ခာပြတ်ပြီး အခက်အခဲဖြစ်နေကြောင်း စစ်ခေါင်းဆောင်ကို အပြစ်တင် ပြောဆိုခဲ့တာတွေ ရှိနေပါတယ်။