Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၄ နှစ်ကျော်အတွင်း မသန်စွမ်းပြည်သူ ၁၂၀ ခန့် သတ်ဖြတ်ခံရ
DVB
·
February 17, 2025
Photo: Human Rights Myanmar

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း မသန်စွမ်းပြည်သူအနည်းဆုံး  ၁၁၇ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ Human Rights Myanmar အဖွဲ့ က ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၂၁ ယောက် ပါဝင်နေပြီး ဒါဟာ စစ်အုပ်စုနဲ့ အပေါင်းအပါတွေ သတ်ဖြတ်ခံခဲ့ရသူစုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်း ရှိနေတာဖြစ်ကာ  ပဋိပက္ခ ဖြစ်ပွားရာဒေသတွေက သတင်းအချက်အလက်တွေ ရယူဖို့ အခက်အခဲတွေကြောင့် စုစုပေါင်း သေဆုံးသူဦးရေဟာ ဒီထက် ပိုမိုများပြားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်ကြည့်မယ်ဆိုရင်တော့ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ သတ်ဖြတ်ခံရသူ ၄၆ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်ပြီး သူ့နောက်မှာတော့ မကွေးတိုင်းဒေသကြီးက ၂၂ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးက ၇ ရာခိုင်နှုန်းစီ အသီးသီး ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ မသန်စွမ်းပြည်သူတွေဟာ  ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်ရဲ့ ဥပဒေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ပြင်းထန်စွာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

သတ်ဖြတ်ခံရတဲ့ မသန်စွမ်းပြည်သူ အရေအတွက်ဟာ စစ်အာဏာသိမ်း ၄ နှစ်ကျော်အတွင်း နှစ်တွေတလျှောက် အတက်အကျ ရှိနေပေမဲ့လည်း ဆက်လက်ပြီးတော့ မြင့်မားနေဆဲ ဖြစ်တယ်လို့ Human Rights Myanmar အဖွဲ့က ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ မသန်စွမ်းပြည်သူ အနည်းဆုံး ၁၂ ယောက် သတ်ဖြတ်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်မှာ အယောက် ၄၀ ၊၂၀၂၃ ခုနှစ်မှာ ၃၄ ယောက်နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ အယောက် ၃၀ သတ်ဖြတ်ခံခဲ့ရပါတယ်။

အခု ၂၀၂၅ ခုနှစ်အတွင်း သတ်ဖြတ်ခံခဲ့ရတဲ့အမှု တခုကိုလည်း မှတ်တမ်းတင်ထားပြီးဖြစ်ကာ ဒါက မသန်စွမ်းသူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ပြသနေတာလို့ ဆိုပါတယ်။

ဘေးဖယ်ခံထားရပြီး ထိခိုက်လွယ်အုပ်စုတွေထဲ ပါဝင်နေတဲ့ မသန်စွမ်းပြည်သူတွေကို အခုလို သတ်ဖြတ်မှုတွေက စစ်တပ်ရဲ့ အုပ်ချုပ်မှုပုံစံကို ဖော်ပြတဲ့ ပိုမိုကျယ်ပြန့်လာတဲ့ တရားမဲ့မှု၊ ပြစ်ဒဏ်ကင်းလွတ်မှုတွေကို ထင်ဟပ်စေတယ်လို့လည်း ဖော်ပြပါတယ်။

မသန်စွမ်းပြည်သူတွေကို တမင်သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ စနစ်တကျ လျစ်လျူရှုတာတွေက နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအောက်မှာ တာဝန်ဝတ္တရားတွေကို ချိုးဖောက်နေတာဖြစ်ပြီး အဆိုပါ ရာဇ၀တ်မှုတွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ အပါအဝင် နိုင်ငံတကာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်မှုတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်မို့ နိုင်ငံတကာအသိုက်အဝိုင်းအနေနဲ့ မြန်မာစစ်တပ်ကို တာဝန်ခံ တာဝန်ယူမှု ရှိစေဖို့နဲ့ မသန်စွမ်းပြည်သူတွေအနေနဲ့ သူတို့ ရသင့်ရထိုက်တဲ့ အကာအကွယ်နှင့် တရားမျှတမှုတွေ ရရှိကြောင်း သေချာစေဖို့အတွက် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့လည်း မသန်စွမ်းပြည်သူတွေရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ သီးခြားအစီရင်ခံစာတရပ် ပြုလုပ်နိုင်ဖို့ အကြံပြုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013