
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဗုံးသီးကျရောက်ပေါက်ကွဲပြီး လူနေအိမ်တချို့ မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ညောင်ပင်ကွင်းကျေးရွာ အရှေ့ကမ်းက နေအိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံတွေပေါ်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်နေထိုင်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်က ညောင်ပင်ကွင်းရွာ အရှေ့ကမ်းတံတားထိပ်က နေအိမ်တလုံးပေါ် တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ ဗုံးသီးကျရောက် ပေါက်ကွဲပြီးနေ အိမ် မီးလောင်ပျက်စီးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
တဆက်တည်းမှာပဲညောင်ပင်ကွင်း ရွာအဖျားပိုင်းက အစိုးရဝန်ထမ်း နေထိုင်တဲ့ အိမ်တန်းလျားကို တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၃ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ရွာခံအမျိုးသမီးတယောက်က ပြောပါတယ်။
“ရွာလယ်အိမ်တွေမှာ ပျက်စီးတဲ့အိမ်က များနေပြီ။ ဒရုန်းထိထားလို့ တရွာလုံး တစပြင်လို ဖြစ်နေတယ်။ စစ်သားတွေလည်း လုံတဲ့အိမ်ထဲမှာ ဝပ်နေကြတယ်။ ဘုန်းကြီးကျောင်းမှာ စစ်တပ်က ၃ ရက်လောက် နေလိုက်တာ။ ဒရုန်းချလိုက်တာ ဘာမှ သုံးစားလို့ မရလောက်အောင် ပျက်စီးသွားတယ်။ တကယ်ဆို ရွာလယ်မှာကျတော့ မလုပ်သင့်ဘူးလေနော်။ ရွာသားတွေ တရွာလုံးရှိနေတာ သူတို့သိနေပဲလေ။"
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ညောင်ပင်ကွင်းရွာအရှေ့ကမ်းက ရွာလယ်လမ်းမကြီးမှာနေ ထိုင်တဲ့ အရပ်သားပြည်သူတွေကို ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ သတိပေးမေတ္တာရပ်ခံထားတာရှိတယ်လို့ဆိုပြီး စစ်ရေးအရ စစ်ကောင်စီတပ်သားတွေ ရှိတဲ့နေရာတွေကို မဖြစ်မနေ တိုက်ရမှာကြောင့်ဖြစ်တယ်လို့ ကော်သူးလေ အာမီ (ထီးဆဲ့မဲ့ရွာတပ်ရင်း)ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်စိုင်းညီက ပြောပါတယ်။
“စစ်ကောင်စီကတော့ ရွာလယ် လမ်းမကြီးက ဘာသာရေးဆိုင်ရာအဆောက်အအုံဖြစ်တဲ့ ဗလီအသစ်နဲ့ အဟောင်းမှာရှိတယ်။ ပြီးတော့ အပေါ်က အခိုင်အမာဆောက်ထားတဲ့ အိမ်ကြီးတွေမှာရှိနေတော့ ကျနော်တို့ မဖြစ်မနေ တိုက်မှရတော့မယ်လေ။ မတိုက်ခင်မှာလည်း ပြည်သူတွေကိုကြိုတင်ပြီးရှောင်ပေးဖို့ သတိပေး မေတ္တာရပ်ခံပါတယ်။”
ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ညောင်ပင်ကွင်းကျေးရွာ အရှေ့ကမ်းမှာ ရွာသားတယောက်ရဲ့ နေအိမ်ရှေ့ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်တိုက်ခိုက်တဲ့ ဗုံးသီးကျရောက်လို့ အမျိုးသမီး တယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့ပါတယ်။