Home
မြန်မာသတင်း
မကွေးတိုင်းရှိ နတ်ရေကန် ဗျူဟာကို AA ပူးပေါင်းတပ် ထိုးစစ်ဆင်
DVB
·
February 19, 2025

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း ကားလမ်းမပေါ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၆ ရက်မှာ မထုံကာကင်းစခန်းကို သိမ်းပိုက်ရရှိပြီးနောက် နတ်ရေကန် ဗျူဟာကို စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“မထုံးကာကင်းစခန်းကို သိမ်းပိုက်လိုက်ပြီးနောက် အခု နတ်ရေကန်ဗျူဟာကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူနဲ့ ခုခံမှုရှိသလို ဂုတ်ကြီးရွာမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူလည်း ပေးနေတယ်။ တိုက်ပွဲကတော့ တော်တော်လေးကို ပြင်းထန်နေတဲ့ အနေအထားမှာရှိတယ်။”

နတ်ရေကန်ဗျူဟာစခန်းဟာ အရင်ကတည်းက တည်ရှိနေတာဖြစ်ပေမဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) သိမ်းပိုက်ခံရပြီးနောက်မှာ နပခကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီက နတ်ရေကန်ဗျူဟာကို အထိုင်ထားပြီး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

လက်ရှိ နတ်ရေကန် ဗျူဟာကုန်းကို တပ်မ ၉၉ လက်အောက်ခံ တပ်တွေက စစ်ကူအင်အား ပို့ဆောင်ထားပြီး အင်အားဖြည့်တင်းထားသလို ပဒါန်းအခြေစိုက် အမြောက်တပ်ရင်းတွေနဲ့ ကပစ စက်ရုံတွေက စစ်ကောင်စီတပ်သားတချို့ကိုလည်း အင်းအားဖြည့်တင်းနေတာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ဟာ ဇန်နဝါရီလ အစောပိုင်းကတည်းက နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်ပြီး AA က စစ်ကောင်ရဲ့ တပ်မ ၉၉ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကိုလည်း ဖမ်းဆီးရမိထားပါတယ်။

အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ငဖဲမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) နဲ့ စေတုတ္တရာမြို့နယ်မှာ အမှတ် ၂၀ ကာကွယ်ပစ္စည်းစက်ရုံ (ကပစ-၂၀) တို့ တည်ရှိကြတာဖြစ်ပြီး စစ်ကောင်စီက အဲဒီစက်ရုံတွေ သိမ်းပိုက်ခံရမှာကိုလည်း အရမ်းစိုးရိမ်နေတယ်လို့ နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“နတ်ရေကန် ဗျူဟာကို စစ်ကောင်စီက အသည်းအသန် ခုခံမယ့်သဘောရှိတယ်။ အဓိကတော့ ကပစ စက်ရုံတွေကိုပါ သူတို့က အရမ်းစိုးရိမ်မကင်းဖြစ်နေကြပြီးတော့ တပ်ကူ၊ စစ်ကူတွေ ပို့နေကြတာပေါ့။ မြေပြင်အနေအထားအရတော့ မဟာမိတ်တပ်တွေရဲ့ ထိုးစစ်ကို စစ်ကောင်စီက ခုခံနိုင်ခြင်းမရှိဘဲ ကသောင်းကနင်း ထွက်ပြေးနေကြရတာ။”

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကံမြင့်ကန်စခန်း အပါအဝင် ကြက်ရေစမ်း၊ ပိန်းရေစမ်း စခန်းနဲ့ မထုံးကာကင်းစခန်းတွေကို သိမ်းပိုက်ထားကြတာ ဖြစ်ပါတယ်။

ပဲခူးဘက် စစ်မျက်နှာမှာလည်း အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေဟာ ပန်းကန်ကွဲစခန်းကို ဖေဖော်ဝါရီ ၁၅ ရက်က သိမ်းပိုက်နိုင်ခဲ့ပြီးတော့ လက်ရှိ ညောင်ကျိုးကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းစစ်မျက်နှာမှာလည်း အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ရေကြည်မြို့နယ် အခြေစိုက် အမှတ် ၃၄၄ အမြောက်တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေကြပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၅ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့ကို တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013