Home
ဆောင်းပါး
လိင်ပြောင်းစစ်သည်တွေကို အမေရိကန်အစိုးရက တပ်ကထုတ်ရင် ဘာတွေ ဆုံးရှုံးမလဲ
DVB
·
February 19, 2025

အခန်းတခန်းထဲကို ကျနော် ဝင်သွားမယ်ဆိုရင် လူတွေ သတိပြုမိတာက ကျနော်ဟာ လိင်ပြောင်းလဲထားသူတယောက် ဖြစ်တယ်ဆိုတဲ့အချက် မဟုတ်ပါဘူး။ ကျနော့်ရင်ဘတ်ပေါ်မှာ ထိုးထားတဲ့ လင်းယုန်သင်္ကေတ၊ ကျနော် ဝတ်ဆင်ထားတဲ့ ယူနီဖောင်းနဲ့ ဒီယူနီဖောင်းက ပြဋ္ဌာန်းထားတဲ့ တာဝန်ဝတ္တရားတွေကိုပဲ လူတွေက မြင်ကြတာပါ။ အခု ပြောနေတာက ကျနော့်ရဲ့ လိင်ပိုင်းဆိုင်ရာ ရပ်တည်ချက်အကြောင်းမဟုတ်ဘဲ ကျနော့်ရဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ဖို့ဆိုတဲ့ ကဏ္ဍပါ။ ကျနော့် လိင်ပိုင်းဆိုင်ရာ ရပ်တည်ချက်ဟာ ကျနော် ဘယ်သူလဲဆိုတာနဲ့ သက်ဆိုင်ကောင်း သက်ဆိုင်နိုင်ပေမဲ့ ကျနော့်ပခုံးမှာ တပ်ဆင်ထားတဲ့ ကျနော် တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်ပြည်ထောင်စု အလံတော်အောက်က ခေါင်းစဉ်တခုတော့ မဟုတ်ပါဘူး။ ကျနော့်ရဲ့ ဝိသေသလက္ခဏာဟာ ကျနော့်ရဲ့ တခြားသူတွေနဲ့ ချိတ်ဆက် ဦးဆောင်နိုင်စွမ်းကို တိုးတက်လာစေပြီး ကျနော် တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်နဲ့ နိုင်ငံတော်အတွက် ခွန်အားတွေ ယူဆောင်လာစေပါတယ်‌။

ကျနော်ဟာ အမေရိကန်တပ်မတော်မှာ လိင်ပြောင်းလဲထားသူ တယောက်အဖြစ်နဲ့ ပွင့်လင်းမြင်သာစွာ၊ ဂုဏ်သိက္ခာရှိစွာ ၈ နှစ်အကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အိမ်ဖြူတော်က ကျနော် အပါအဝင် တခြား လိင်ပြောင်းလဲထားသူတွေကို တပ်မတော်ကနေ ဖယ်ရှားဖို့ ခြေလှမ်းတွေ စတင်လာခဲ့ပါပြီ။‌

ယူနီဖောင်းဝတ်ထားတဲ့ ယောက်ျား၊ မိန်းမတွေလိုပဲ လိင်ပြောင်းလဲထားတဲ့ စစ်သည်တော်တွေဟာ ကျနော်တို့ ပြည့်မီဖို့ ရည်ရွယ်ထားတဲ့ စံတန်ဖိုးတွေနဲ့ပဲ ကနဦး အကဲဖြတ်ခံကြရပါတယ်။ ယူနီဖောင်း ဝတ်ထားတဲ့အချိန်မှာ ကျနော်တို့ရဲ့ လိင်စိတ်ခံယူချက်မဟုတ်တဲ့ စရိုက်လက္ခဏာနဲ့ လုပ်နိုင်စွမ်းတွေကသာ အဆင့်တူရဲဘော်တွေ၊ အထက်အရာရှိတွေ၊ လက်အောက်ငယ်သားတွေရဲ့ ကျနော်တို့ပေါ်အမြင်ကို သတ်မှတ်ပေးတာဖြစ်ပါတယ်

ကျနော် လိင်ပြောင်းလဲထားသူတယောက် ဖြစ်နေခြင်းက ကျနော့်ဘဝဇာတ်ကြောင်းရဲ့ တစိတ်တပိုင်း ဖြစ်နေမှာတော့ မှန်ပေမဲ့ ဒါက ကျနော် တာဝန်ထမ်းဆောင်ရတဲ့ အကြောင်းအရင်း ဒါမှမဟုတ် ကျနော် ဦးဆောင်နေရတဲ့ အကြောင်းအရင်းတော့ မဟုတ်ပါဘူး။ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုတွေအပြီး နိုင်ငံတော်က ကျနော့်ကို လိုအပ်လာတဲ့အခါမှာ ကျနော်ဟာ တာဝန်ထမ်းဆောင်ဖို့ လက်ခံခဲ့ပါတယ်။ ကျနော်ဟာ ကျနော်တို့ ယုံကြည်တန်ဖိုးထားတဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့အတွက် အီရတ်နဲ့ ကာတာနိုင်ငံတွေဆီ စေလွှတ်ခြင်းခံခဲ့ရပါတယ်။ အခုအခါမှာတော့ ကျနော်ဟာ ကျနော့်တာဝန်ထမ်းဆောင်မှုရဲ့ အဓိကစံတန်ဖိုးတွေဖြစ်တဲ့ ရဲရင့်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အသွင်အပြင်၊ ကတိကဝတ် စတာတွေနဲ့ ဦးဆောင်နေပါတယ်။ လူတွေရဲ့အမြင်မှာ ကျနော်ဟာ မိမိတာဝန်၊ မိမိအဖွဲ့အစည်းနဲ့ မိမိနိုင်ငံကိုပဲ ဦးစားပေးတဲ့၊ ‌အမေရိကန်တပ်မတော်အတွက် မျိုးဆက်သစ် စစ်သည်တော်တွေကို မွေးထုတ်ပေးနေတဲ့ အရာရှိတဦးပါပဲ။

အမေရိကန်တပ်မတော်မှာ လိင်ပြောင်းလဲထားသူတွေကို ပထမဆုံးအနေနဲ့ တာဝန်ထမ်းဆောင်ခွင့် ပြုခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး ကျနော်ဟာ လိင်ပြောင်းလဲထားသူတယောက်အဖြစ်နဲ့ ပွင့်လင်းမြင်သာစွာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျနော် အသွင်ကူးပြောင်းလိုက်တဲ့ကာလမှာ ကျနော်ဟာ အသက်ကယ် တန်ပြန်ဒရုန်းနည်းပညာတွေကို စမ်းသပ်ခန်းကနေ စစ်မြေပြင်ထိ တိုက်ရိုက်သယ်ပို့ပေးနေတဲ့ လေတပ်ဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ ကျနော့်ရဲ့ အသွင်အပြင် အစစ်အမှန်နဲ့ တာဝန်ထမ်းဆောင်ရတဲ့ ပထမနေ့မှာ ကျနော့်အဖွဲ့သားတွေဟာ ကျနော့်ရုံးခန်းမှာ ပါတီပွဲတခု ကျင်းပပေးခဲ့ပါတယ်။ ကျနော်ဟာ သမ္မတထရမ့်ပ်ရဲ့ ပထမဆုံး သက်တမ်းဖြစ်တဲ့ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း လိင်ပြောင်းလဲသူများကို တားမြစ်တဲ့ဥပဒေကို ပြင်ဆင်ပြီး လိင်ပြောင်းလဲပြီးသူများကို ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုတဲ့ ကာလတလျှောက်လုံး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကျနော့်ရဲ့ ပကတိလိင်စိတ်ခံယူမှုအတိုင်း တာဝန်ထမ်းဆောင်ရတာက ကျနော့်အတွက်သာမကဘဲ ကျနော့်ပတ်ဝန်းကျင်က လူတွေအတွက်ပါ အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ ကျနော့် လိင်စိတ်ခံယူမှုကို ဖုံးကွယ်ဖို့ စွမ်းရည်ကို ကျနော့်ရဲ့ ပင်ကိုလုပ်နိုင်စွမ်းတွေထဲက အသုံးပြုစရာ မလိုတော့တဲ့အခါမှာ ကျနော်ဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်လာခဲ့ပါတယ်။ ကျနော့်အဖွဲ့သားတွေနဲ့ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ပြီး တခြားသူတွေအတွက် သူတို့ရဲ့အမြင်နဲ့ စိန်ခေါ်မှုတွေကို စိတ်လုံခြုံမှုရှိစွာ မျှဝေလို့ရမယ့် ပတ်ဝန်းကျင်တခုကို ထူထောင်နိုင်ခဲ့ပါတယ်

တပ်မတော်တွင်းမှာတော့ စစ်သည်တော်တွေကို ဖိအားများအောက်တွင် စွမ်းဆောင်နိုင်မှု၊ ပြောင်းလဲလာသော အခြေအနေတွေကို လိုက်လျောညီထွေဖြစ်စေဖို့နဲ့ ရှုပ်ထွေးတဲ့ ရည်မှန်းချက်တွေကို ရောက်ရှိ အောင်မြင်စေဖို့ ကွဲပြားတဲ့အဖွဲ့အစည်းတွေကို ဦးဆောင်နိုင်မှု စတာတွေအပေါ် မူတည်ပြီး အကဲဖြတ်လေ့ရှိပါတယ်။ လိင်ပြောင်းလဲထားတဲ့ စစ်သည်တော်တွေဟာ ဒီအခြေအနေတွေမှာ ထူးချွန်လေ့ရှိကြပါတယ်။ ဒါဟာ သူတို့ရဲ့ လိင်စိတ်ခံယူမှုကြောင့် မဟုတ်ပေမဲ့ လိင်စိတ်ခံယူမှုနဲ့ တစိတ်တပိုင်းအားဖြင့်တော့ သက်ဆိုင်လေ့ရှိပါတယ်။ လူမှုရေးဘက်လိုက်မှုတွေနဲ့ ရှုပ်ထွေးတဲ့မူဝါဒတွေကို ဖော်ထုတ်တာဟာ ကျနော်တို့ရဲ့ တန်ဖိုးအရ ခံနိုင်ရည်ရှိမှု၊ အတွေ့အကြုံနဲ့ မူဝါဒအကူးအပြောင်းမှာ စာနာ နားလည်မှုတွေကို တိုးလာစေပါတယ်။ ကျနော်တို့ရဲ့ ပကတိကျမှု၊ စစ်မှန်မှုတွေဟာ ယုံကြည်မှုနဲ့ ရိုးသားမှုတွေကို တိုးပွားလာစေပါတယ်‌။

ခေါင်းဆောင်မှုဆိုတာဟာ ကျနော်တို့ရဲ့ လိင်စိတ်ခံယူချက်နဲ့ ပတ်သက်တာမဟုတ်ဘဲ ကျနော်တို့ ဘယ်လို စံပြုထိုက်သလဲ ဆိုတာနဲ့သာ ပတ်သက်တာဖြစ်ပါတယ်။ လိင်ပြောင်းထားတဲ့ စစ်သည်တော်တွေဟာ ပျက်စီးနေပြီး ပြုပြင်ပေးဖို့ တောင်းဆိုနေကြတဲ့ လူတွေ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ ဖြစ်နိုင်ခြေတွေထဲက အကောင်းဆုံးပုံစံတော့မဟုတ်မှန်း သိကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဘယ်လို စိန်ခေါ်မှုတွေပဲလာလာ ဆက်လက်ရင်ဆိုင်သွားကြမှာပါ။ ကျနော်တို့ရဲ့ ဘဝတွေဟာ ပြောင်းလဲမှုသက်သက်ပါပဲ၊ ပြုပြင်မှုမဟုတ်ပါဘူး။ လိင်ပြောင်းလဲထားတဲ့ စစ်သည်တော်တွေဟာ တပ်ဖွဲ့တွေကို အုပ်ချုပ်အမိန့်ပေးတာ၊ လေယာဉ်ပျံမောင်းတာ၊ သသင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်တာ၊ စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်တာနဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေအတွက် လုံခြုံပြီး စိတ်ချရတဲ့ နည်းပညာတွေကို တီထွင်ကြဆတာ စတဲ့တာဝန်‌မျိုးစုံကို ထမ်းဆောင်ကြပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံတော်အတွက် ကျနော်တို့ သွေးတွေ၊ ချွေးတွေ ပေးဆပ်တိုက်ပွဲဝင်ပြီး တာဝန်ထမ်းဆောင်ကြပါတယ်။ ကျနော်တို့ရဲ့ ယူနီဖောင်းပေါ်က ဆုတံဆိပ်တွေဟာ လိင်စိတ်ခံယူမှုနဲ့ မပတ်သက်ဘဲ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကြောင့်သာ ရရှိခဲ့တာတွေ ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ သက်သေပြပြီးသား စွမ်းဆောင်ရည်နဲ့ မယိမ်းယိုင်တဲ့ ကတိကဝတ်တွေကြားကပဲ ကျနော်တို့ရဲ့ တာဝန်ထမ်းဆောင်နိုင်စွမ်းဟာ မောဟတွေ၊ ဘက်လိုက်မှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့ တဆိပ်ကပ်ထားတဲ့ လူတစုရဲ့ မေးခွန်းထုတ်ခြင်းကို ခံနေရပြန်ပါပြီ။ အာဖရိကန်-အမေရိကန်တွေ၊ အမျိုးသမီး‌တွေ၊ လိင်တူချစ်ကြိုက်သူတွေ အပေါ်ကို ငြင်းခုံခဲ့ကြသလိုပဲ အသွင်သဏ္ဌာန်အရ တူညီတဲ့ ငြင်းခုံမှုတွေ၊ ကန့်ကွက်မှုတွေဟာ ကျနော်တို့ လိင်ပြောင်းလဲထားသူတွေအပေါ် ရောက်ရှိလာခဲ့ပါပြီ။ ဒါပေမဲ့ သမိုင်းကြောင်းကတော့ ရှင်းလင်းပါတယ်။ တပ်မတော်က အခွင့်အလမ်းတွေ တိုးမြှင့်တဲ့အခါတိုင်းမှာ တပ်မတော်အင်အားဟာ ပိုပြီး ကျယ်ပြန့်စည်းလုံးလာခဲ့တာပါ။ မျိုးဆက်သစ် ‌စစ်သည်တော်တွေအနေနဲ့ လူမျိုး၊ ကျား၊ မ၊ ဘာသာရေး၊ လိင်စိတ်တိမ်းညွှတ်မှု သို့မဟုတ် လိင်မှုအခြေခံအပေါ် ယခင်က ခွဲခြားဆက်ဆံခံခဲ့ရတဲ့ စစ်သည်တွေနှင့် ပေါင်းစပ်အလုပ်လုပ်နေကြခြင်းဟာ ကျနော်တို့ရဲ့ ကွဲပြားမှုတွေကပဲ အဓိက အားသာချက် ဖြစ်နေတယ်ဆိုတဲ့အချက်ကို သက်သေပြနိုင်ခဲ့ပါတယ်။

လိင်ပြောင်းလဲထားသူဖြစ်တယ်ဆိုတဲ့ ဖြစ်တည်မှုတခုတည်းနဲ့ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ စေတနာ့ဝန်ထမ်းတွေကို ငြင်းဆိုတာ၊ စွမ်းဆောင်ရည်မြင့်မားတဲ့ စစ်သည်တော်တွေကို တပ်က ထုတ်ပယ်တာတွေဟာ ကျနော်တို့ရဲ့ တပ်မတော်ကို အားနည်းစေရုံသာမကဘဲ အမေရိကန်ပြည်ထောင်စုရဲ့ စံတန်ဖိုးတွေကိုပါ ပျက်ပြားစေပါတယ်။ စံချိန်စံနှုန်းတွေနဲ့ ပြည့်မီတယ်ဆိုရင် ဘယ်သူ့ရဲ့ တာဝန်ထမ်းဆောင်မှုကိုမဆို လက်ခံကြိုဆိုသင့်တာပါ။ လိင်ပြောင်းလဲထားသူ တဦးချင်းစီမှာ တိုက်ပွဲအတွက် အရေးကြီးတဲ့ အမြင်တွေ၊ ကျွမ်းကျင်မှုတွေနဲ့ ယုံကြည်စိတ်ချရမှုတွေ စတဲ့စွမ်းရည်တွေ ရှိကြတာကြောင့် ကျနော်တို့နိုင်ငံရဲ့ ကာကွယ်ရေးအတွက် ပါဝင်ကူညီဖို့ အခွင့်အရေးရရှိသင့်ပါတယ်။ အမျိုးသားလုံခြုံရေးအတွက် လိုအပ်ချက်ကတော့ လျော့နည်းသွားမှာမဟုတ်ပါဘူး။

ဗိုလ်မှူးကြီး ဘရီးဖရမ်း 

ဘာသာပြန် -သူရိန်သွေး

(New York Times သတင်းစာပါ Bree Fram ၏ "What’s Lost if the Government Pushes People Like Me Out of the Military" ဆောင်းပါးအား ဆီလျော်အောင် ပြန်ဆိုသည်။) 

မှတ်ချက်။ ။  ဗိုလ်မှူးကြီး Bree Fram  ဟာ US Space Force မှာ တာဝန်ထမ်းဆောင်နေပါတယ်။ သူဟာ ပင်တဂွန်စစ်ဌာနချုပ်မှာ ရုံးထိုင်ပြီး စစ်တပ်မှာ လိင်ပြောင်းထားတဲ့ အဆင့်အမြင့်ဆုံး တပ်ဖွဲ့ဝင် တယောက်ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ တင်ပြထားတဲ့ အမြင်တွေဟာ သူရဲ့ သဘောထားသက်သက်ဖြစ်ပြီး အမေရိကန်အစိုးရ သို့မဟုတ် ကာကွယ်ရေးဌာနရဲ့တရားဝင် လမ်းညွှန်မှု သို့မဟုတ် ရပ်တည်ချက်ကို ထင်ဟပ်ခြင်းမရှိပါဘူး။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024