
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့ရှိ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ လာရောက်ပို့ဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြိုတိုက်ခိုက်ခံရတာကြောင့် ၉ ဦး သေဆုံးပြီး ကားတစီးလုံး မီးလောင်သွားတယ်လို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၁ ဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၅ နာရီခွဲဝန်းကျင်က ပေါင်းတလည်မြို့နယ်ဘက်မှ ဒိုင်နာကားတစီး၊ ဖောကားတစီးနဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ ကားနှစ်စီးအား မိုင်တိုင် ၁၆ မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က DVB ကို ပြောပါတယ်။
“အဲဒီလမ်းကိုသုံးပြီး အရင်ကတည်းက ခုလိုပဲ လက်နက်ခဲယမ်းတွေ ပို့နေကျဆိုတော့ ကျနော်တို့ တပတ်လောက် အချိန်ယူပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့နဲ့ ကိုက် ၃၀၀ လောက်ပဲ ဝေးတယ်။ တိုက်ပွဲဖြစ်ချိန်က ၁၅ မိနစ်လောက်ပဲ၊ သူတို့ဘက်က ပြန်မပစ်နိုင်ဘူး။ ဖောကားတစီး နဲ့ လက်နက်ခဲယမ်းတွေ၊ ဆီပေပါတွေ မီးလောင်သွားတယ်၊ ပါလာတဲ့ စစ်သား ၉ ယောက် မီးထဲပါပြီး သေသွားတယ်။”
တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တည်ရှိရာနေရာဟာ အလွန်နီးကပ်တဲ့အတွက် ချက်ခြင်းပြန်ဆုတ်ခဲ့ရကြောင်း ရဲဘော် Shadow က ပြောပါတယ်။
“ကားနဲ့လာရင် မိနစ် ၂၀ လောက်ဆို တိုက်ပွဲဖြစ်တဲ့နေရာကို ရောက်တယ်။ အဲဒီတော့ ကျနော်တို့ ရှာဖွေပုံစံ လုပ်သေးတယ်၊ ကားက မီးလောင် လက်နက်ခဲယမ်းတွေကလည်း ပေါက်ကွဲနေတော့ အနားမကပ်နိုင်ခဲ့ဘူး။ မီးမလောင်တဲ့ ကားဘက်က လက်ပစ်ဗုံးတလုံးနဲ့ ကျည်ဆန်အချို့ ရခဲ့တယ်။”
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲအတွင်း မီးမလောင်ဘဲ ကျန်ခဲ့တဲ့ ဒိုင်နာတစီးအား ဖေဖော်ဝါရီ ၁၈ ရက်နေ့ည ၈ နာခွဲဝန်ကျင်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါက်ခေါင်းဘက်ကနေ ကားတစီးနဲ့ လာရောက်သယ်ယူသွားတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရွှေတောင်မြို့ ခုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ထားကြောင်း၊ တော်လှန်ရေးရဲဘော်တွေကတော့ ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။