
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ရပ်သစ်ရွာကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ မဖယ်ရှားရသေးတာကြောင့် ပြည်သူတွေ နေရပ်မပြန်နိုင်သေးကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၄ ရက်ည ၁၀ နာရီဝန်းကျင်မှာ ခလရ ၅၃ က ရပ်သစ်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။
ဒေသခံအမျိုးသားတယောက်က “ရွာထဲက ကိုပါကျဲတို့အိမ်ကို ၂ လုံး ကျတာ၊ တလုံးက ပေါက်ကွဲပြီး အနားက အိမ် ၃ လုံးနဲ့ သူတို့အိမ် ထိခိုက်ပျက်စီးတာတွေဖြစ်ကုန်တာ။ လူတွေက အိမ်ရှေ့ခန်းမှာအိပ်နေကြတာ၊ လက်နက်ကြီးက နောက်ဖွေးဘက် ထိသွားတာ။ နောက်တလုံးက မပေါက်ကွဲတော့ အဲဒီအတိုင်ကြီး မြေကြီးထဲစိုက်ဝင်နေတာ၊ ဘယ်သူမှ မဖယ်ရဲကြဘူး။ အဲဒီတော့ ရွာသားတွေ မပြန်ရဲကြဘူး။ မပေါက်ကွဲတဲ့ လက်နက်ကြီးကျည်ရှိတာရော၊ နောက်ထပ် ထပ်ပစ်မှာပါ ကြောက်ပြီး လန့်နေကြတာ”လို့ ပြောပါတယ်။
လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ ကားကို ဖေဖော်ဝါရီ ၁၈ ရက်က ပေါက်ခေါင်းမြို့နယ် တောင်ဆင်းတဂွေ့အနီး မိုင်တိုင် ၁၆ အနီးမှာ တော်လှန်ရေးတပ်ဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက် ထက်မနည်းသေဆုံးခဲ့ပြီးနောက် အနီးနားက ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်နေတာလို့ ပြည်မြို့နယ်အ ခြေခံပညာကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“အခု လက်နက်ကြီးအပစ်ခံရတဲ့ ရွာကလည်း အဲဒီနားကရွာပဲ၊ သူတို့ အထိနာထားတော့ တမင်ပြည်သူတွေကိုမဲနေတာ၊ ဒီတရွာတည်းမဟုတ်ဘူး လက်နက်ကြီးက ပစ်နေတာပဲ။ ပြီးတော့ စက်တပ်လေးထီးနဲ့ ပြီးခဲ့တဲ့ရက်က ဗုံးကြဲလို့ အမျိုးသမီးတယောက်သေသွားတယ်” လို့ ပြောပါတယ်။
ပေါက်ခေါင်းမြို့အဝင် စစ်ဆေးရေးဂိတ်မှ စစ်သားတွေကလည်း ညစဉ်ဆိုသလို သေနတ်တွေ ပစ်ဖောက်ပြီး ပြည်သူတွေကို ခြောက်လှန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


