
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ လူနေရပ်ကွက်တွေထဲ ကျရောက်ပြီး မပေါက်ကွဲသေးဘဲ ကျန်ရှိနေတာကို စစ်ကောင်စီတပ်ဘက်က လာရောက်ရှင်းလင်းမပေးသေးတဲ့အတွက် မြို့ခံပြည်သူတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဗောဓိကုန်း တာဝါတိုင်ကုန်းစခန်း တိုက်ပွဲမှာတုန်းက မုံရွာမြို့ပေါ် ခလရ ၁၆ ထဲကနေ လက်နက်ကြီးတွေနဲ့ပစ်တာ ၁၀ ချက် ကျော်တယ်လေ။ အဲဒီကနေ ပစ်လိုက်တဲ့ကျည်တချို့က ကျနော်တို့ တိုက်ပွဲဖြစ်တဲ့နေရာအထိ မရောက်ဘဲ မြို့ပေါ်လူနေရပ်ကွက်ထဲကျတာ မကွဲလို့ ပြည်သူတွေ ထိခိုက်တာမရှိဘူး တော်သေးတယ် ပြောရမယ်။ တိုက်ပွဲထဲမှာ သူတို့ဘက်က လက်နက်ကြီးပစ်ကူတွေတင်မကဘူး၊ လေယာဉ်နဲ့ စက်တပ်လေထီးတွေနဲ့လည်း စစ်ကူပေးခဲ့တာဗျ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ဗောဓိတထောင် MRTV ထပ်ဆင့်လွှင့်စက်ရုံတာဝါတိုင်ကုန်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့အတွက် မုံရွာမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး လက်နက်ကြီးကျည် ၁ လုံးဟာ မုံရွာမြို့ပေါ် ချမ်းမြဝတီရပ်ကွက်၊ မနောသုခလမ်းထဲက လူနေခြံဝင်းတခုထဲ ကျရောက်ခဲ့တာလို့ ဆိုပါတယ်။
မုံရွာမြို့ခံတယောက်က “မြို့ထဲဂိတ်တွေမှာရှိတဲ့ စစ်သားတွေကို အကြောင်းကြားတော့ လာကြည့်တယ်။ သူတို့နဲ့မဆိုင်ဘူး ဆိုပြီး ပြန်သွားတာတဲ့။ အဲဒီဟာကြီးက အခုထိ ရှိနေသေးတယ်။ အဲဒီလောက်မကြီးတဲ့ ကျည်အသေးလေးတွေလည်း ကျပြီး မပေါက်ကွဲသေးတာတွေ ရှိသေးတယ်။ တိုက်ပွဲပြီးတာ ၄၊ ၅ ရက်ရှိနေပြီ။ လာလည်း မသယ်ကြဘူး။ သူတို့စစ်တပ်က ပစ်ပြီး သူတို့က တာဝန်မယူတာ ထင်တယ်။ အဲဒီနားဝန်းကျင်ကို ဘယ်သူမှမသွားရဲကြလို့ ရပ်ကွက်ထဲက လူတွေစုပြီးတော့ သဲအိတ်တွေ၊ ကားတာယာတွေနဲ့တော့ ပတ်ချာလည် ကာထားတာပေါ့ဗျာ” လို့ DVB ကို ပြောပါတယ်။
အဲဒီ လက်နက်ကြီးကျည် ပေါက်ကွဲမှာကို စိုးရိမ်ကြတဲ့အတွက် ကျည်ကျရောက်နေတဲ့ အိမ်ပိုင်ရှင်တွေနဲ့ အနီးဝန်းကျင်က ရပ်ကွက်နေပြည်သူတွေဟာ တခြားနေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားအပြီး ညပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဗောဓိတထောင် MRTV ထပ်တင့်လွှင့်စက်ရုံ တာဝါတိုင်ကုန်းစခန်းဝန်းကျင်က အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထပ်ဆင့်လွှင့်စက်ရုံတာဝါတိုင်ကုန်းစခန်း တိုက်ခိုက် သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်က ဒုရဲအုပ် ၁ ယောက် အပါအဝင် ၁၁ ယောက် သေဆုံးပြီး သေနတ် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။