
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းလုံးမှာ လွတ်လပ်စွာ ထုတ်ဖာ်ပြောဆိုခွင့်နဲ့ သတင်းအချက်အလက် ရယူခွင့်တွေမှာ အပြင်းအထန် ဖိနှိပ်ခံနေရသလို မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွေမှာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်အတွက် လှုပ်ရှားနေတဲ့ အသံ (Athan) အဖွဲ့က ပြောပါတယ်။
အသံ (Athan) အဖွဲ့ကဒီဇင်ဘာလ ၁၂ ရက်နေ့မှာ "လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ညွှန်းကိန်းစစ်တမ်း" ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲ့ဒီ စာတမ်းထဲမှာ အင်တာနက်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းအချက်အလက်တွေ လွတ်လွတ်လပ်လပ် မျှဝေနိုင်ခြင်းရှိမရှိ ဆိုတဲ့ မေးခွန်းအတွက် ဖြေဆိုသူ ၄၃ ရာခိုင်နှုန်းက အနည်းငယ်သာ လွတ်လပ်တယ်လို့ ဖြေဆိုခဲ့တာဖြစ်ပြီး အပြည့်အဝလွတ်လပ်တယ်လို့ ဖြေဆိုသူ ၂၅ ရာခိုင်နှုန်းခန့်ရှိသလို လုံးဝ မလွတ်လပ်ပါလို့ ဖြေဆိုသူ ၁၉ ရာခိုင်နှုန်းနီးပါး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တမ်းဖြေဆိုသူတွေဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားက မတူညီတဲ့ အုပ်ချုပ်ရေးဒေသတွေမှာ နေထိုင်ကြသူတွေဖြစ်ကြပြီး မတူညီတဲ့ အုပ်ချုပ်ရေးစနစ်တွေအလိုက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးခြင်း၊ ထိန်းချုပ်ကန့်သတ်ခြင်း ဥပဒေနဲ့ ညွှန်ကြားချက်တွေ ထုတ်ပြီး ကန့်သတ်ခြင်း အခြေအနေမှာတော့ စစ်တပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ စစ်တပ်နဲ့ တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပူးတွဲ အုပ်ချုပ်တဲ့ နေရာတွေ စတဲ့ အုပ်ချုပ်ရေးစနစ် အားလုံးနီးပါးမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးမှု မရှိသလောက် နည်းပါးတာကို တွေ့ရှိရကြောင်းလည်း ဖော်ပြပါရှိပါတယ်။
NUG အစိုးရ နယ်မြေတွေမှာသာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ပေးတယ်လို့ ဖြေဆိုတဲ့ ၃၂ ရာခိုင်နှုန်းကို တွေ့ရပြီး ဒါဟာ ကာကွယ်ပေးမှု ရာခိုင်နှုန်းတွေထဲ တခြားအုပ်ချုပ်ရေးနယ်မြေတွေနဲ့ ယှဉ်ရင် အများဆုံး ဖြစ်နေပေမဲ့ ဒီရာခိုင်နှုန်းပမာဏကတော့ နည်းပါးတဲ့ ပမာဏသာဖြစ်တယ်လို့ အသံ (Athan) အဖွဲ့က ဆိုပါတယ်။
သတင်းလွတ်လပ်ခွင့်အခြေအနေမှာတော့ သတင်းထောက်တွေ လွတ်လပ်စွာ သတင်းတင်ဆက်နိုင်ခွင့်ကို ဥပဒေ၊ ပြဋ္ဌာန်းချက်တွေနဲ့ အကာအကွယ်ပေးခြင်း လုံးဝမရှိဘူးလို့ ဖြေဆိုသူ ၄၂ ရာခိုင်နှုန်းရှိပြီး အနည်းစုဖြစ်တဲ့ ၁၁ ရာခိုင်နှုန်းကတော့ အကာအကွယ်ပေးခြင်း ရှိတယ်လို့ ဖြေဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှာ အများပြည်သူရဲ့ အင်တာနက် အသုံးပြုနိုင်မှုနဲ့ ပတ်သက်ပြီး ဖြေဆိုသူ ၇၉ ရာခိုင်နှုန်းက ဒေတာဈေးနှုန်း ဒါမှမဟုတ် ဆင်းကတ် လိုအပ်ချက်ကြောင့် အင်တာနက် အသုံးပြုဖို့ ပိုမိုခက်ခဲလာတယ်လို့ ဖြေဆိုထားသလို ဖြေဆိုသူ ၁ ဒသမ၄ ရာခိုင်နှုန်းခန့်ကတော့ အခက်အခဲမရှိကြောင်း ဖြေဆိုခဲ့တာလည်း ဖြစ်ပါတယ်။
တုံ့ပြန်ဖြေဆိုသူ ၄၄ ဒသမ ၅ ရာခိုင်နှုန်းက သူတိုရဲ့ ယုံကြည်ချက်တွေကို မျှဝေရာမှာတော့ လွတ်လပ်ခွင့် အပြည့်အဝမရှိဘဲ အကန့်အသတ်ရှိနေတယ်လို့ ခံစားရပြီး စုဝေးခွင့် ဒါမှမဟုတ် ဆန္ဒပြခွင့်တွေကိုလည်း မရှိကြောင်း မျှဝေခဲ့ကြသလို စစ်တပ်ထိန်းချုပ်ရာ ဒေသတွေမှာ ဖိနှိပ်မှု အများဆုံးဖြစ်နေပြီးတော့ ဖြေဆိုသူ လေးပုံသုံးပုံကျော်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။
အာဏာပိုင်တွေဟာ အင်တာနက်အသုံးပြုခွင့်ကို ပုံမှန်ပိတ်ပင်ကန့်သတ်ပြီး သတင်းထောက်တွေကို ဖမ်းဆီးအရေးယူတာတွေ ရှိကြောင်းလည်း ဖြေဆိုသူတွေက တုံ့ပြန်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အုပ်ချုပ်တဲ့ ဒေသတွေမှာတောင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပြည့်အဝ မရရှိသေးဘူးလို့လည်း အသံ (Athan) အဖွဲ့က ဆိုပါတယ်။
အထူးသဖြင့် စစ်ရေးဆိုင်ရာ လုံခြုံရေးနဲ့ တော်လှန်ရေးစည်းမျဥ်းတွေကို အကြောင်းပြုပြီး "လက်တွေ့ကန့်သတ်မှု" နဲ့ "ဥပဒေဖြင့် ကန့်သတ်မှု" တချို့ ဆက်လက်တည်ရှိနေတာကိုလည်း တွေ့ရတယ်လို့ ဒီစစ်တမ်းက ဖော်ပြထားပါတယ်။


