
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၉ ရက်က ဒရုန်းဗုံးသီးသယ်လာချိန် ပေါက်ကွဲခဲ့တာကြောင့် PDF ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးမှူးက “ပေါက်မြို့နယ်ထဲ ရောက်နေတဲ့ စကစ စစ်ကြောင်းကို ဒရုန်းနဲ့ဗုံးကြဲဖို့ ဒရုန်းဗုံးသီးတွေ သယ်လာတဲ့အချိန် အီနာဂါဒရုန်းဗုံးသီးတလုံး Error တက်ပြီး လမ်းမှာပေါက်ကွဲခဲ့လို့ ကျန်တဲ့အလုံးတွေပါ ဆက်တိုက်ပေါက်ခဲ့တာပါ။ သယ်ဆောင်လာတဲ့ ရဲဘော် ၃ ယောက်မှာ ၂ ယောက် ကျသွားပါတယ်။ ကျန်တဲ့တယောက်ကလည်း ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှု ခံယူနေရပါတယ်” လို့ DVB ကို ပြောပါတယ်။
ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တယောက်နဲ့ ပေါက်မြို့နယ် အခြေစိုက် BLY ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပေါက် ပကဖ) ဒရုန်းတပ်ဖွဲ့က ရဲဘော်တယောက်တို့ ကျဆုံးသွားတာလို့ ဆိုပါတယ်။
ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက “ကျဆုံးသွားသူတွေဟာ ကျနော်တို့ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသက် ၂၀ အရွယ် ရဲဘော်ဂဠုန်နဲ့ BLY ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပေါက် ပကဖ) ဒရုန်းတပ်ဖွဲ့က အသက် ၁၇ နှစ်အရွယ် ရဲဘော်စိန်အုပ်တို့ ဖြစ်ကြပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးသီးပေါက်ကွဲမှုအတွင်း BLY ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပေါက် ပကဖ) က မော်တော်ယာဥ်တစီးနဲ့ လက်နက်ခဲယမ်းတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးသွားကြတဲ့ တပ်ဖွဲ့ဝင် ၂ ယောက်ကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးက တပ်ဖွဲ့ဓလေ့ထုံးစံနဲ့အညီ သင်္ဂြိုဟ်ပေးခဲ့သလို မိသားစုဝင်တွေကိုလည်း တပ်ဖွဲ့လိုက် သွားရောက်တွေ့ဆုံကာ ကူညီထောက်ပံ့ပေးခဲ့ကြတယ်လို့ သိရပါတယ်။


