မကွေးတိုင်း၊ ပေါက်မြိုနယ်မှာ နိုဝင်ဘာလအတွင်း စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ ကျော်လုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၆ ယောက် ထိခိုက်ကျဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါက်မြို့နယ်မှာ နိုဝင်ဘာတလအတွင်းမှာတင် စစ်တပ်ဘက်ကနေ လက်နက်ကြီးပစ်ခတ်မှု ၂၁ ကြိမ်နဲ့ ဗုံးအလုံးရေ ၂၆၀ ကျော်ကို ဂျက်တိုက်လေယာဉ်နဲ့ ၉ ကြိမ်၊ Y12 လေယာဉ်နဲ့ ၄၇ ကြိမ်၊ ပါရာမော်တာနဲ့က ၁၄ ကြိမ်၊ ဂျိုင်ရိုကော်ပတာနဲ့ ၁၁ ကြိမ် ကြဲချတိုက်ခိုက်သွားခဲ့တာလို့ ပေါက်မြို့နယ်လူသားစာနာအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
“စစ်တပ်ဘက်က အဲလိုတိုက်ခိုက်မှုတွေအတွင်းမှာ ပြည်သူ ၁၁ ယောက်နဲ့ ရပ်ရွာတွေမှာ လုံခြုံရေးကင်းစောင့်နေရတဲ့ ကာကွယ်ရေးရဲဘော် ၅ ယောက်တို့ ကျဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ တွေက ပြည်သူတွေအပါအဝင် ရဲဘော်တွေ စုစုပေါင်းအယောက် ၂၀ နီးပါးရှိပြီးတော့ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူ ၅ ယောက်ရှိပါတယ်။ ပြည်သူ ၁၅ ယောက်ထက်မနည်းကိုလည်း ဖမ်းဆီးထားပြီးတော့ အသက် ၄၉ နှစ်အရွယ် အမျိုးသမီး တဦးကိုလည်း အဓမ္မပြုကျင့် သတ်ဖြတ်သွားခဲ့ပါသေးတယ်။”
နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပေါက်မြို့နယ်အတွင်းက ကျောက်တံခါး၊ ကျောက်မဲတောင်၊ မျှားပိုင်း၊ ခင်အေး၊ မကျီးကုန်း၊ ယောကုန်း၊ နန်းစဥ်ကုန်း စတဲ့ ကျေးရွာ ၁၀ ရွာထက်မနည်းအပြင် စစ်ဘေးရှောင်စခန်းတခုက တဲအိမ်အလုံးရေ ၃၀ နီးပါးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်တပ်ဟာ နယ်မြေခံပျူစောထီးတွေနဲ့ပူးပေါင်းပြီး ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ကာ အများပြည်သူအသုံးပြုနေတဲ့ လမ်းတွေပေါ်နဲ့ ဗုံးခိုကျင်းတွေထဲမှာပါ မိုင်းထောင်ထားတယ်လို့လည်း ဒေသခံက ပြောပါတယ်။
ပေါက်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ပေါက်မြို့နယ်ထဲနဲ့ မြိုင်နယ်အစပ်မှာ ရန်သူ့စစ်ကြောင်း ၃ ကြောင်းရှိပြီးတော့ ရွာစဥ်ပတ်မွှေနေတာဖြစ်တယ်။ သူတို့နဲ့ တိုက်ပွဲတွေကတော့ နေ့တိုင်းလိုလိုဖြစ်နေတာပါပဲ။ ဒီဘက်မှာက ပျူရွာတွေလည်းရှိနေတော့ သူတို့ဘက်ကအင်အား ၃၀၀ လောက်ရှိမယ်။ တိုက်ပွဲတွေတိုင်မှာတော့ ခွေးတွေ အသေအပျောက်များကြတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ နိုဝင်ဘာလဆန်းပိုင်းကစလို့ ပေါက်မြို့နယ်ထဲနဲ့ မြိုင်နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းတွေ ကိုခိုးယူပြီး လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသလို ဒေသခံပြည်သူတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မြေပြင်စစ်ကြောင်းတွေအထိနာပြီး စက်တပ်လေထီးပစ်ချခံခဲ့ရတဲ့ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်မှာရှိကြတဲ့ကျေးရွာတွေကပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည် သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအန္တရာယ်နဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကို အထူးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပေါက်မြို့နယ်ထဲက တဲကြီးကျေးရွာအနီးမှာ ပစ်ချနိုင်ခဲ့ပါတယ်။
အဲဒီ ပစ်ခတ်တိုက်ခိုက်၊ ဗုံးကြဲ၊ မီးရှို့၊ သတ်ဖြတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။













