
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စုမှာ ဒီဇင်ဘာ ၁၂ ရက် မနက် ၁၀ နာရီလောက်မှာ စစ်သင်္ဘောပေါ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာသားတွေ ကြောက်ရွံ့ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းကြီးဝကျေးရွာရဲ့ ရေပြင်အနီးမှာ ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတွေက တိုက်ပွဲမဖြစ်ဘဲ မဲတောကျေးရွာဘက်ကို လက်နက်ကြီး ၈ လုံးခန့် ပစ်ခတ်ခဲ့ပြီး ရွာအနီးဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာနေပြည်သူတွေ စိုးရိမ်ကြောက်လန့်ပြီးတော့ ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ချောင်းကြီးဝရွာကနေ ပစ်လိုက်တာ မဲတောရွာထဲကတောင် ကြားနေရတယ်တဲ့။ ၈ ချက်လောက်ရှိတယ်။ ရွာထဲမှာ ဆူညံနေကြတာပေါ့။ ကျောင်းသားမိဘတွေဆိုလည်း သူတို့ကလေးတွေခေါ်ပြီး ပြေးနေကြတာ။ အခုကငြိမ်သွားပြီဆိုပေမဲ့ စိတ်ပူနေကြတုန်းပဲ။”
ဒီဇင်ဘာ ၁၁ ရက် ညကလည်း မဲတောကျေးရွာအနီးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်နေတယ်ဆိုပြီး နောက်တနေ့မနက်မှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ နောက်တယောက်က ပြောပါတယ်။
“မနေ့ညက ပီဒီအက်ဖ်တွေလာတယ်လို့ သတင်းကြားလို့တဲ့။ အခုက ကားနဲ့ ပြန်ထွက်သွားကြတယ်ကြားတယ်။ သူတို့ထပ်လာမှာပဲ ပူနေရတယ်။”
ပြီးခဲ့တဲ့ ရက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ရောက်လာတယ်ဆိုပြီး စစ်သင်္ဘောအုပ်စုက သတင်းရတာကြောင့် မဲတောကျေးရွာရေပြင်အနီးမှာ ကျောက်ချရပ်နားထားတာလို့ ဆိုပါတယ်။
မဲတောကျေးရွာအုပ်စုမှာ ကျေးရွာ ၇ ရွာရှိပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ထွက်သွားလာလေ့ရှိတာကြောင့် စစ်သင်္ဘောတွေက ကျေးရွာရေပြင်တွေအနီးမှာ လှုပ်ရှားစောင့်ကြည့်နေပြီး ရံဖန်ရံခါ တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အရိပ်အယောင်တွေကြောင့် ဒေသခံတွေ စိုရိမ်းပူပန်နေကြတယ်လို့ ဆိုပါတယ်။


