
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စုမှာ မဲမထည့်သူတွေကို ထောင်ဒဏ်နဲ့ တခြားပြစ်ဒဏ်တွေ ပေးမယ်လို့ ရွာအုပ်ချုပ်ရေးရုံးက ခြိမ်းခြောက်စာ ကပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မဲစာရင်းမှာ နာမည်ပါတဲ့သူတွေ အကုန်မဲထည့်ဖို့ ဖိအားပေးနေသလို ကံမော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အခုဒီဇင်ဘာလဆန်းကစလို့ မဲစာရင်းနဲ့တကွ သတိပေးစာပါ ကပ်ထားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရုံးရှေ့မှာကပ်ထားတာ ၂ ရက်၊ ၃ ရက် လောက်ရှိပြီ။ စစ်တပ်လည်း ရှိနေတယ်။ စာထဲမှာ ထောင်ဒဏ်နဲ့ တခြားဒဏ်တွေပါပေးမယ်လို့ ရေးထားတယ်။ မဲက မဖြစ်မနေ ထည့်ရမယ်။ မဲထည့်ရတဲ့သူတွေဆိုရင် အသက်ငယ်ငယ်၊ ကြီးကြီး၊ အိပ်ရာထဲ လဲနေရင်တောင် လေးဖက်ထောက်တွားသွားပြီးတော့ မဲလာထည့်ခိုင်းတာပါ” လို့ ပြောပါတယ်။
စစ်တပ်နဲ့ ပျူစောထီးအားကောင်းတဲ့ ကံမော်ကျေးရွာမှာ အိမ်ထောင်စုပေါင်း ၁,၀၀၀ ကျော်ရှိပြီး ရွာရဲ့ဆေးရုံအနီးမှာ စစ်တပ်စခန်းအထိုင်ချထားသလို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ထွက် သွားလာလို့မရအောင် လုံခြုံရေးတင်းကျပ်ထားတဲ့ ကျေးရွာလည်း ဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ပြီးတော့ စစ်တပ်နဲ့ ရဲစခန်းမှူးတို့က လာဘ်စားပြီး ဆေးရုံနားမှာ လောင်းကစားဝိုင်းတွေ ဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။


