
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ထွက်သွားတယ်ဆိုပြီး စစ်သင်္ဘောတွေ ရောက်လာကာ ဒေသခံစက်လှေတွေကိုလည်း ညဘက် အပြင်မထွက်ရ အမိန့်သတ်မှတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက် နေ့လယ်လောက်မှာ မဲတောကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရောက်လာတယ်ဆိုပြီး သတင်းပေးတိုင်ကြားမှုကြောင့် စစ်သင်္ဘော ၄ စီးခန့် ကျေးရွာအနီးရေပြင်မှာ ရောက်လာပြီးနောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှာကို စိုးရိမ်ကြောက်လန့်ပြီး ရွာက ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဘယ်သူ သတင်းပေးလိုက်လဲ မသိဘူး။ မနေ့က လက်နက်ကြီးတွေပစ်ဖို့ လုပ်နေတာကို ရွာလူကြီးတွေ မနည်းပြောဆို တောင်းပန်ထားရလို့တဲ့။ ကျောင်းရှေ့မှာ စောင့်သူစောင့်၊ ကလေးတွေကို မိဘတွေလည်း ပြန်ခေါ်ကြတယ်။ ဆိုင်သိမ်းတဲ့သူလည်း သိမ်း၊ အထုပ်တွေသိမ်းပြီး တောင်ပေါ် တက်ပြေးသူတွေလည်း ပြေးကြတာလည်းရှိတယ်။”
ရေတပ်စစ်သင်္ဘောတွေ ရောက်လာပြီးနောက် မဲတောကျေးရွာအုပ်စုမှာ ည ၆ နာရီနောက်ပိုင်း လှေအဝင်အထွက် မလုပ်ရဘူးဆိုကာ စစ်သင်္ဘောတွေကနေ ကျေးရွာလူကြီးတွေကို နှုတ်မိန့်ပေးပြီး ပြောဆိုလိုက်တယ်လို့ ဒေသခံနောက်တယောက်က ပြောပါတယ်။
“ငါးဖမ်းလှေတွေက ညဘက်မှပဲ ထွက်ကြတာလေ။ ညဘက်ဆို လှေတွေသွားလာရင် ဘယ်သူဘယ်ဝါဆိုတာ မမြင်ရဘူးလေ။ ခုဆိုထွက်မရပြီပေါ့။ မနက်အချိန်ပဲ ထွက်လို့ရမယ်။ ဒါတောင် စစ်သင်္ဘောနားကပ်ပြီး အသိပေးရမယ်လို့သိရတယ်။ မဲတော၊ အုတ်ဖိုမော်၊ ချောင်းကြီးဝ တို့ အုပ်စုထဲက ရွာအားလုံးပါတယ်။”
မဲတောကျေးရွာအုပ်စုရှိ မဲတော၊ အုတ်ဖိုမော်၊ ချောင်းကြီးဝကြီး စတဲ့ကျေးရွာတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာလှုပ်ရှားမှုတွေရှိတယ်ဆိုပြီး အခုနှစ်အစောပိုင်းတည်းက ကျေးရွာတွေရဲ့ ရေပြင်အနီးတဝိုက်မှာ ရေတပ်စစ်သင်္ဘောတွေ စောင့်ကြပ်သွားလာနေတာလို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ မဲတောကျေးရွာမှာ အခုနှစ် ဇူလိုင် ၅ ရက်က အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ ဖမ်းဆီးပြီး စစ်ကောင်စီနဲ့ အကျိုးတူပူးပေါင်းခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းတဲ့ ဖြစ်စဥ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ကျွန်းစုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ အဟန့်အတား မပြုနိုင်အောင် စစ်အုပ်စုက စောင့်ကြပ်မှုတွေ လုပ်နေတာလို့ ဆိုပြီး အရပ်သားပြည်သူတွေကတော့ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။


