
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မဲတောရွာက မူးယစ်ဆေးဝါးရောင်းဝယ်တဲ့အိမ်ကို လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး WY စာတန်းပါမူးယစ်ဆေးပြား ကျပ်သိန်း ၁,၀၀၀ ဖိုးလောက်နဲ့အတူ အမျိုးသား ၁ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၈ ရက် ညနေ ၆ နာရီခွဲလောက်မှာ လက်နက်ကိုင်လူတစုက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အသက် ၄၀ ဝန်းကျင်အရွယ် ကိုဇော်နိုင်ကို မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ညီဖြစ်သူ အသက် ၂၀ ကျော်အရွယ် ကိုခင်နိုင်ထွေးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“သူ့ညီထွက်ပြေးတော့ သေနတ်နဲ့ပစ်လိုက်သေးတယ်။ ထွက်ပြေးလို့ ခြောက်ပစ်တာနေမယ်။ ၁ ချက်ပစ်လိုက်တယ်။ သူတို့ကရွာမှာ လှေငယ်တစီးနဲ့ တချိန်လုံးဝင်ထွက်လုပ်ပြီး ဂရုမစိုက်ပုံနဲ့ ဆေးရောင်းနေကြတာလေ။ လာဖမ်းတာ လူ ၄၊ ၅ ယောက်လောက်ပဲရှိမယ်။ ဘယ်ခေါ်သွားလဲ မသိရသေးဘူး”
ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စုမှာ WY စာတန်းပါမူးယစ်ဆေးဝါး ပေါများပြီး ဖမ်းဆီးရမိတဲ့ အလုံးရေ ၆ သောင်းဟာ လက်ရှိကာလတန်ဖိုးအရ ကျပ်သိန်း ၁,၀၀၀ ဖိုးလောက်ရှိတယ်လို့ သိရပါတယ်။
အရပ်ဝတ်တွေနဲ့လာရောက်ဖမ်းဆီးခဲ့တာကြောင့် ဘယ်အဖွဲ့က ဖမ်းဆီးခဲ့လဲဆိုတာ မသိရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်ကလည်း မူးယစ်ဆေးဝါးနဲ့ဆက်စပ်သူ ၁၀ ယောက်ကို မဲတောကျေးရွာကနေ ဖမ်းဆီးသွားပြီး စစ်ကောင်စီနဲ့ဆက်စပ်ထိတွေ့မှုရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကတော့ ဖမ်ဆီးခံရပြီးနောက် သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။
မဲတောကျေးရွာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မူးယစ်ဆေးဝါးရောင်းချသူတွေ ပိုပေါများလာတယ် လို့သိရပြီး စစ်တပ်က လာရောက်ဖမ်းဆီးတာမရှိသလို လက်နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးနေကြပေမဲ့ ရက်ပိုင်းအတွင်း ပြန်လွတ်လာတဲ့သူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။