Home
မြန်မာသတင်း
ဗန်းမော်က ပြန်စုန်ဆင်းလာသည့် စစ်သင်္ဘောများ မတ္တရာနယ်ထဲ ပြန်ရောက်
DVB
·
September 11, 2025

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ စက်တင်ဘာ ၅ ရက်က ဧရာဝတီမြစ်ရိုးအတိုင်း ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေဟာ စက်တင်ဘာ ၁၀ ရက်မှာ မတ္တရာနယ်ထဲကို ပြန်ရောက်လာတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

စက်တင်ဘာ ၆ ရက်မှာ ဗန်းမော်ဘက်ကဆင်းလာတဲ့ စစ်သင်္ဘော ၁၁ စီး၊ ရွှေကူမှာ ရပ်ထားခဲ့တဲ့ ၁ စီး၊ ကသာမှာရပ်ထားခဲ့တဲ့ စစ်သင်္ဘော ၅ စီး၊ စုစုပေါင်း စစ်သင်္ဘော ၁၇ စီးဟာ ၅ ရက်အကြာမှာ မန္တလေးတိုင်းထဲကို ပြန်ဝင်ရောက်လာခဲ့တာပါ။

စစ်သင်္ဘောတွေ စုန်ဆင်းတဲ့ မြစ်ရိုးတလျှောက် လမ်းကြောင်းကို လေယာဉ်တွေနဲ့ လုံခြုံရေးပစ်ကူပေးခဲ့ပြီး စစ်သင်္ဘောတွေပေါ်ကနေလည်း ကမ်းဘေးကျေးရွာတွေကို ပစ်ခတ် ခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်သင်္ဘောလမ်းကြောင်းကို ကမ်းဘေးကနေ PDF တွေ ကြားဖြတ်တိုက်ခိုက်လို့မရအောင် လေကြောင်းကနေ ကြိုတင်ပစ်ခတ်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မတ္တရာ PDF မှ ဦးတိုးက “မနက်အစောပိုင်းက MI 35 နဲ့ တကြိမ်လာပစ်တယ်၊ စဉ့်ကူး အနောက်မြောက်ခြမ်း ကျမှာပေါ့၊ ခင်ဦးအရှေ့ခြမ်းလည်း ကြဲတယ်၊ ဝက်လက်အရှေ့တောင်ခြမ်းလည်း ကြဲတယ်၊ စဉ့်ကူးအနောက်ခြမ်း အလယ်ပိုင်းလည်း ကြဲတယ်။ သံခွန်ဆင်းလာတဲ့ တလျှောက်ပေါ့။ ဒီနေ့ကတော့ အကြိမ်ရေအားဖြင့် နည်းတယ်။ MI 35 တကြိမ်ရှိမယ်၊ ဂျက်ဖိုက်တာ တကြိမ်ရှိမယ်၊ Y12 တကြိမ်ရှိမယ်ပေါ့။ ပျံဝဲပြီးပါလာတာတော့ တောက်လျှောက်ပဲ။ ကျနော် နောက်ဆုံးရထားတဲ့ အခြေအနေအရတော့ သုံးဆယ်ပေးနားတောင် ရောက်သွားပြီ။ ပျက်တယ်၊ ဖုန်းလိုင်းက ဘယ်လိုမှမရဘူး။ သင်္ဘောတွေပေါ်ကနေ ပွိုင့်ဖိုက်နဲ့ တောက်လျှောက်ပစ်တာတွေလည်း ရှိတယ်။ နောက် သင်္ဘောပေါ်မှာပါတဲ့ 37 မီလီမီတာ အမြောက်တွေနဲ့ ပစ်တာလည်းရှိတယ်။ ဒီသင်္ဘောတွေပေါ်မှာ သူတို့ ကျောက်စိမ်းတွေ ပြန်တင်လာတာ။ အကုန်လုံးကို လုပ်သွားတာပဲ။ မြစ်ကမ်းတလျှောက် ကျေးရွာတွေ တော်တော်နာလောက်တယ်။ ဒါ သင်္ဘောတွေကိစ္စနဲ့ ပတ်သက်လို့ ဒါ မန္တလေးတိုင်းအတွင်းမှာပဲလို့ ပြောရမှာပေါ့။ ဩဂုတ်လထဲမှာ ၈၈ ကြိမ်ရှိတယ်။ ခု ဒီဘက်လထဲမှာ ကျနော် မချုပ်ရသေးဘူးပေါ့။ အခုကို အကြိမ်ရေ ၂၀ ကျော် ၃၀ လောက်ရှိပြီ” လို့ ပြောပါတယ်။

စစ်သင်္ဘောတွေ မန္တလေးတိုင်းနယ်နိမိတ်ထဲ ရောက်တာနဲ့ ကမ်းဘေးရွာတွေကို ပစ်ခတ်ခဲ့သလို စစ်ကိုင်းတိုင်းဘက်ခြမ်း ထီးချိုင့်၊ ခင်ဦး၊ ဝက်လက်၊ ဘုတလင်နယ်တွေဘက်ကိုလည်း ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦး၊ ဝက်လက်၊ ဘုတလင်ဘက်ခြမ်းမှာ မြေပြင်စစ်ကြောင်းတွေလည်း ဆက်တိုက် ထိုးနေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဘုတလင်ဒေသခံ PDF တယောက်က “ဒေသခံတွေ ပြန်ဝင်လို့ရပြီလားဆိုတော့ ၈ ရက် ၉ လမှာ ပြန်ခေါက်သွားပြီဆိုတော့ နောက်နေ့ကစပြီး ပြန်ဝင်လို့ရပြီပေါ့နော်။ ၂၀ ရက် ၈ လက သူတို့ နမခက ထွက်လာတဲ့နေ့ပေါ့။ အဲဒီနေ့ကနေ ၈ ရက် ၉ လ အထိဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေက အများကြီးရှိခဲ့တာပေါ့။ မီးရှို့တဲ့ရွာတွေကတော့ ရွှေတောင်၊ ပေါက်ဆိန်ပေါက်၊ ကုန်းသာ၊ ကန်သာ ရှို့တယ်၊ ထူးကြီး ရှို့တယ်ပေါ့။ နမခကနေပြီးတော့ အင်အား ၂၅၀ ကျော် ၃၀၀ ပေါ့နော်။ အဲဒီလောက်နဲ့ အလုံးအရင်း ထိုးလာတဲ့အခါရောက်တော့ ကျနော်တို့က ပြောက်ကျားစနစ်နဲ့ပဲ သွားပြီးတော့ အမှည့်ခြွေတဲ့အခါရောက်တဲ့ အထိအခိုက် နည်းပါတယ်ဗျ။ စည်းစည်းလုံးလုံးနဲ့ လုပ်နိုင်မှ အခုလို အလုံးအရင်းလာတဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ ပြောက်ကျားစနစ်နဲ့ပဲ ကစားနေရတာပေါ့နော်။ ဒါအတွက် လူကြီးတွေမှာ တာဝန်ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်တုန်းက မန္တလေး၊ ဂေါဝိန် ဆိပ်ကမ်းကနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့က တပ်သားတွေကို စစ်ကူပေးဖို့ ဆန်တက်ခဲ့တဲ့ စစ်သင်္ဘောတွေ ဖြစ်ပါတယ်။

ဂေါဝိန်ဆိပ်ကမ်းကနေ ဆန်တက်ခဲ့တဲ့ စစ်သင်္ဘောတွေဟာ ဇူလိုင် ၂၆ ရက် ညပိုင်းမှာ ရွှေကူမြို့ကို ဆိုက်ကပ်ခဲ့ပြီး ဗန်မော်မြို့ကို ဩဂုတ် ၁ ရက်မှာ နှစ်သုတ်ခွဲပြီး ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် တလကျော်အကြာ စက်တင်ဘာ ၅ ရက်နေ့မှာ ပြန်လည်စုန်ဆင်းခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013