Home
မြန်မာသတင်း
ဗန်းမော်တွင်ရောက်နေသည့် စစ်သင်္ဘောအချို့ ဧရာဝတီမြစ်အတိုင်း ပြန်စုန်ဆင်းလာ
DVB
·
September 5, 2025

စစ်ကော်မရှင်ရဲ့ ထိုးစစ်ကြောင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ နေ့တိုင်း တိုက်ပွဲပြင်းထန်နေပြီး ဗန်းမော်မှာရောက်နေတဲ့ စစ်သင်္ဘောတချို့ ဧရာဝတီမြစ်အတိုင်း ပြန်စုန်ဆင်းလာတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

ဗန်းမော်မြို့မှာရောက်ရှိနေတဲ့ စစ်သင်္ဘော ၆ စီး စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ပြန်လည်စုန်ဆင်းလာတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

ဒါကြောင့် ဧရာဝတီမြစ်ကမ်းဘေးမှာ နေထိုင်ကြတဲ့ ဒေသခံတွေ လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ် အထူးဂရုပြုကြဖို့ တိုက်တွန်းထားပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်က “စက်တင်ဘာ ၅ ရက်နေ့ မနက် ၇ နာရီလောက်မှာ သင်္ဘော ၆ စီး ပစ္စည်းတွေတင်ပြီး ဧရာဝတီမြစ်အတိုင်း ပြန်ဆင်းသွားတယ်။ အဲ့သင်္ဘောတွေထွက်တော့ Y12 နဲ့ လုံခြုံရေးယူပေးတာ တွေ့ရတယ်။ ဘာပစ္စည်းတွေ သင်္ဘောပေါ် တင်သွားလဲတော့ သေချာမသိရဘူး။ အခု သင်္ဘောတွေ ဆင်းလာရင်တော့ ကမ်းဘေးကရွာတွေတော့ သတိထားရမယ်။ လေကြောင်းနဲ့ လက်နက်ကြီးရန်ကိုပေါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ မြစ်ကြောင်းတလျှောက်က စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့တွေဆီ ရိက္ခာ၊ ဆေးဝါး၊ လူအင်အား အပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောနဲ့ သံခွန်သင်္ဘော အစီး ၂၀ ကျော်နဲ့ နှစ်သုတ်ခွဲပြီး တင်ပို့ခဲ့ပါတယ်။

အဲဒီထဲက သံခွန်သင်္ဘောတချို့ဟာ ကသာမြို့ ဆိပ်ကမ်းမှာ ရပ်နားထားခဲ့တာ ဒီနေ့အထိဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဗန်းမော်မြို့ဆီ ဆန်တက်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ စစ်သင်္ဘောတွေ ဆန်တက်ဖို့အတွက် စစ်ကော်မရှင်က စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာ၊ Y 12 အမျိုးအစား ရဟတ်ယာဥ်တွေ အပါအဝင် ဂျက်ဖိုက်တာတွေနဲ့ ပစ်ခတ်ကာ ရေလမ်းကြောင်းရှင်း ပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ မြစ်ကြောင်းအခြေအနေ စောင့်ကြည့်တဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေကတော့ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကို ရောက်ရှိလာခဲ့ပြီး ဗန်းမော်မြို့ အပါအဝင် ဆန်တက်လာတဲ့ မြစ်ကြောင်းတလျှောက်က ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့တွေမှာပါ လက်နက်၊ ရိက္ခာနဲ့ လူအင်အားတချို့ ဖြည့်တင်းနိုင်ခဲ့သလို ဗန်းမော်မြို့မှာလည်း အဲဒီစစ်သင်္ဘောတွေ ရောက်ပြီးနောက် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတာ ဖြစ်ပါတယ်။

ဗန်းမော်မြို့မှာ စက်တင်ဘာ ၂ ရက်ကစပြီး စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ တဖန်ပြန်လည်ပြင်းထန်နေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်ကနေ သိရပါတယ်‌။

စစ်ကော်မရှင်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်အင်အား အများအပြားနဲ့ ခြေလျင်ထိုးစစ်ဆင်တာတွေ ရှိတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “စက်တင်ဘာ ၂ ရက်နေ့က စပြီးတော့ တိုက်ပွဲ တဖန်ပြင်းထန်လာတာပေါ့။ စစ်ကော်မရှင်ဘက်ကတော့ လေကြောင်းတိုက်ခိုက်တာကို အဓိကလုပ်တယ်။ နေ့တိုင်း လေကြောင်းတိုက်ခိုက်မှုရှိတယ် ဒီဗန်းမော်မှာက။ ၂ ရက်နေ့ကစပြီး အင်အားတိုးချဲ့ပြီး ခြေလျင်တပ်တွေနဲ့ ထိုးစစ်ဆင်လာတယ်။ အဲဒါကြောင့် တိုက်ပွဲပြန်ပြင်းထန်နေတာ။ သူတို့ကတော့ လက်နက်ကြီး၊ ဒရုန်းတို့နဲ့လည်း အပြင်းအထန် ခုခံပစ်နေတာ” လို့ ပြောပါတယ်။

KIA ပူးပေါင်းတပ်ရဲ့ ဗန်းမော်ထိုးစစ်ဟာ စက်တင်ဘာ ၄ ရက်နေ့က ၉ လပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်ကစပြီး ဗန်းမော်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၈ လအတွင်း စစ်ကောင်စီတပ်စွဲခဲ့တဲ့ မြို့တွင်းနေရာတချို့ အပါအဝင် မြို့ရဲ့ သုံးပုံနှစ်ပုံခန့်ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024