Home
မြန်မာသတင်း
ရခိုင်တွင် စစ်သင်္ဘော ၁ စင်းကို AA က ပစ်ခတ်ခဲ့ပြီး မီးလောင်နေ
DVB
·
August 30, 2025
Photo: ယခင်ပုံဟောင်း

ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းနဲ့ရမ်းဗြဲကျွန်းကြားက ရခိုင်ကမ်းရိုးတန်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့ သင်္ဘောတစင်းကို အာရက္ခတပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မီးလောင်နေတယ်လို့ ‌AA က အတည်ပြုပါတယ်။

ဩဂုတ် ၂၉ ရက် ညနေ ၅ နာရီခွဲလောက်မှာ AA ရဲ့ ကမ်းခြေစောင့်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ နေဗီသင်္ဘောကို ထိမှန်မီးလောင်ခဲ့တာလို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

“အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့စစ်သင်္ဘောကြီး (Navy) တစင်းကို အာရက္ခပြည်၊ မာန်အောင်ကျွန်းနဲ့ ရမ်းဗြဲကျွန်းအကြားမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန်မှာ  အာရက္ခတပ်တော်၊ ကမ်းခြေစောင့်တပ်က ထိမှန်အောင် ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ပစ်ခတ်ခံရတဲ့စစ်သင်္ဘောကြီးဟာ ကမ်းခြေက မီတာ ၁၀,၀၀၀ အကွာမှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။ အဲဒီစစ်သင်္ဘောကတော့ မီးလောင်နေပါတယ်” လို့ပြောပါတယ်။

အခုပစ်ခတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောဟာ ကျောက်ဖြူနဲ့ရမ်းဗြဲမြို့တည်ရှိတဲ့ ရမ်းဗြဲကျွန်းမှာ စစ်ရေးလှုပ်ရှားမှုတွေ အဓိကပြုလုပ်နေတဲ့သင်္ဘောဖြစ်ပြီး လက်ရှိမှာ မီးလောင်နေဆဲဖြစ်ပေမယ် အခြေအနေက စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နဲ့ ၁၂ ရက်ကလည်း ဂွမြို့နယ် ကျွန်းနံ့သာအနီးနဲ့ ပေါက်တောမြို့နယ် ပန်းနံ့သာကျွန်းအနီးမှာ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘော ၂ စင်း ပေါက်ကွဲပြီး နစ်မြုပ်ခဲ့သေးတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

AA ဟာ စစ်ကောင်စီရဲ့ရေတပ်အင်အားကို အထိရောက်ဆုံး တိုက်ခိုက်နိုင်တဲ့ စွမ်းရည်တွေရှိတာကြောင့် စစ်ကောင်စီအဖို့ ရခိုင်စစ်မျက်နှာမှာ နောက်ထပ်ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ရခိုင်စစ်ရေး အကဲခတ်တယောက်က ပြောပါတယ်။

“ရခိုင်စစ်မျက်နှာမှာ စစ်ကောင်စီရေတပ်တွေ တိုက်ခိုက်ခံရတာ အခုမှမဟုတ်တော့ဘူး။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက သူတို့မှာ စစ်ကောင်စီရဲ့ သင်္ဘောတွေကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ စွမ်းရည်နဲ့ လက်နက်ရှိနေပြီးသားဖြစ်တယ်။ အခုလည်း ဩဂုတ်လအတွင်းမှာတင် သင်္ဘော ၃ စင်းအထိ မီးလောင်နစ်မြုပ်ရတာဟာ စစ်ကောင်စီအတွက် အတော်ထိနာစေမှာ။ နောက်ထပ်လည်း တိုက်ခိုက်ခံရနိုင်ခြေတွေ ရှိလာနိုင်သေးတယ်” လို့ပြောပါတယ်။

ရခိုင်က ကျောက်တော်၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲတွေမှာလည်း စစ်ကောင်စီရဲ့ စစ်သင်္ဘော ၅ စင်းထက်မနည်းကို ရေမြုပ်သွားအောင် တိုက်ခိုက်နိုင်ခဲ့ပြီးတော့ နောက်ထပ် စစ်သင်္ဘော ၄ စင်းထက်မနည်းကိုလည်း ရေချမရနိုင်အောင်အထိ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူမြို့နယ်မှာ AA နဲ့ စစ်တပ်တို့ စစ်ရေးပြင်းထန်နေကြဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ ဒရုန်းတို့နဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013