
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ သြဂုတ် ၁၇ ရက်က ဆန်အိတ်တွေ ပါလာတဲ့ ခရီးသည်စက်လှေ တစင်းကို စစ်သင်္ဘောက ဖမ်းဆီးလိုက်ပြီး ငွေညှစ်တောင်းခဲ့တယ်လို့ ကျွန်းစုမြို့နယ် ဒေသခံတွေဆီက သိရပါတယ်။
မြိတ်မြို့က ဆန်အိတ်တွေ တင်ဆောင်ပြီး ထွက်ခွာလာတဲ့ ချောင်းညီကိုကျေးရွာက စက်လှေတစီးမှာ ရှော်တောမော်ကျေးရွာအနီး ရောက်ရှိစဥ် စစ်သင်္ဘောကနေ ခေါ်ယူ စစ်ဆေးခဲ့ရာမှာ ဆန်အိတ်တွေ တင်ဆောင်လာတာ တွေ့ပြီး ဖမ်းဆီးခဲ့တယ်လို့ မဲတောကျေးရွာအုပ်စုက ဒေသခံတယောက်က ပြောပါတယ်။
“စက်လှေက မြိတ်ကနေ ဆင်းလာတော့ ရှော်တောမော်ကျေးရွာကို ဖြတ်ရတာပါ။ အဲဒီရွာအရှေ့မှာ စစ်သင်္ဘော ၂ စင်း ရှိနေတယ်။ စက်လှေကို ခေါ်ယူစစ်ဆေးတော့ ဆန်အိတ်တွေ ပါလာတယ် ဆိုပြီးတော့ ဖမ်းဆီးထားတာပါ။ ဒီကောင်တွေက ပိုက်ဆံတောင်းဖို့ ဖမ်းတာ၊ ပြန်လွတ်သွားပြီ ဆိုတော့ ဝမ်းသာစရာပေါ့”
ဖမ်းဆီးခံရတဲ့ စက်လှေကို ပိုက်ဆံညှိနှိုင်းကာ ပြန်လွှတ်ပေးခဲ့ပြီး သြဂုတ် ၁၈ ရက် မနက်အစောပိုင်းမှာ ချောင်းညီကိုကျေးရွာကို ခရီးသည်စက်လှေ ပြန်လည်ရောက်ရှိလာတယ်လို့ မဲတောကျေးရွာအုပ်စုက ဒေသခံတယောက်က ပြောပါတယ်။
အဆိုပါ စက်လှေပေါ်မှာ ဒေသတွင်း ခရီးသွားပြည်သူတွေ ပါလာတယ်လို့ သိရပြီး စစ်သင်္ဘောရဲ့ ဖမ်းဆီးငွေညှစ်တဲ့ လုပ်ရပ်ကြောင့် ခရီးသွားပြည်သူတွေမှာ စိုးရိမ်ပူပန်ခဲ့ကြရတယ်လို့ ပြောပါတယ်။
စစ်တပ်က ကျွန်းစုမြို့နယ်ကို ဆန်အိတ်တွေ အကန့်အသတ်နဲ့ တင်ဆောင်ခွင့်ပြုထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေ သွားလာလှုပ်ရှားမှုများတဲ့ မဲတော၊ ကော်ဇေယာနဲ့ ဘန္ဒနဲကျေးရွာအုပ်စုတွေကို ဆန်အိတ်နဲ့ ရိက္ခာတွေ တင်ဆောင်ခွင့် ပိုကန့်သတ်ထားတာကြောင့် ဒေသခံပြည်သူတွေ ဆန်ပြတ်လုနီးပါး အခြေအနေအထိ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။