
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အနီးရှိ ပင်လယ်ပြင်မှာ စစ်သင်္ဘောတွေ ရှိနေတာကြောင့် တံငါသည်တွေမှာ ငါး၊ ပုစွန် မဖမ်းရဘဲ စားဝတ်နေရေး အခက်အခဲဖြစ်နေတာ တလနီးပါးရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပလမြို့ တိုက်ပွဲဖြစ်ကတည်းကနေ အခုအချိန်အထိ ပုလောမြို့နယ်ရေပြင်မှာ သားပေါက်လှေတွေ အပါအဝင် စစ်သင်္ဘော ၃ စင်းနဲ့ တချိန်လုံး စောင့်ကြည့်နေတာကြောင့် တံငါသည်တွေမှာ ငါး၊ ပုစွန် ဖမ်းဖို့ အခက်အခဲဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ပုလောမြို့နယ်မှာရှိနေတဲ့ ဒေသခံတွေဟာ ရေလုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ကြတယ်။ တော်တော်များများက စစ်သင်္ဘောတွေကို ကြောက်ပြီး မထွက်ရဲကြဘူး။ လှေတွေက အားလုံးနီးပါး နားထားတော့ ကမ်းနားမှာ ပိုက်နဲ့ထောင်လို့ရတဲ့ ငါးအနည်းငယ်ကိုပဲ ရွာသားတွေမှာ ဝေစားမျှစားနေရတယ်”လို့ ပြောပါတယ်။
ပုလောမြို့နယ် ပင်လယ်ပြင်မှာ စစ်သင်္ဘောတွေ ရှိနေတာကြောင့် ပုလောမြို့နဲ့ ပလမြို့အပါအဝင် ပိတပ်၊ မြဒေါင်၊ လက္ကူး၊ မှော်ကြောင်း၊ ရှပ်ပုံစတဲ့ ကျေးရွာတွေရှိ တံငါသည်တွေမှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဖို့ အခက်အခဲဖြစ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တံငါသည်တယောက်က “အဲဒီရွာတွေမှာက တံငါအားကိုးတဲ့ရွာတွေ ဖြစ်တဲ့အတွက် လှေရှင်ရော၊ အခသားတွေရောက ပင်လယ်ထွက်မှ ထမင်းစားရတာပေါ့ဗျာ။ အဲဒါကြောင့် ပင်လယ်မထွက်ရတော့ ရွာသားတွေမှာ အခက်အခဲဖြစ်တာပေါ့”လို့ ပြောပါတယ်။
ပလမြို့မှာ ဇူလိုင် ၂၄ ရက်ကတည်းက စစ်ရေးပြင်းထန်နေပြီး စစ်သင်္ဘောတွေကနေ စစ်ကူပို့တာတွေ၊ ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်တာတွေ ပြုလုပ်ဖို့အတွက် စစ်တပ်က ပုလောမြို့နယ် ပင်လယ်ပြင်တလျှောက်ကို ထိန်းချုပ်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှ သိရပါတယ်။