Home
နိုင်ငံတကာ
သြစတြေးလျက ဖရီးဂိတ်စစ်သင်္ဘောအသစ်များ ဝယ်ယူရန် မစ်ဆူဘီရှီကုမ္ပဏီနှင့် စာချုပ်
DVB
·
August 6, 2025
Photo: Reuters

ဂျပန် မစ်ဆူဘီရှီအကြီးစားစက်မှုလုပ်ငန်း (MHI) ဟာ သြစတြေးလျဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိတဲ့  (ကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံ) သဘောတူညီချက်အရ  သြစတြေးလျနိုင်ငံရဲ့ ရေတပ်ဖရီးဂိတ် စစ်သင်္ဘော အသစ်တွေထဲက ပထမဆုံး ဖျက်သင်္ဘောကို ပေးပို့တော့မှာ ဖြစ်ကြောင်း သြစတြေးလျ ဒုဝန်ကြီးချုပ် ရစ်ချဒ်မားလ်စ်က သြဂုတ် ၅ ရက်မှာ ပြောပါတယ်။ 

သြဂုတ် ၄ ရက်က ပြုလုပ်တဲ့ အစိုးရရဲ့ အမျိုးသားလုံခြုံရေးကော်မတီ အစည်းအဝေးမှာ ဂျာမန်ကုမ္ပဏီ ထူဆင်န်ခရဘ်အဏ္ဏဝါဦးပိုင် စနစ်ရဲ့  MEKO A-200 နဲ့ ယှဉ်ပြီး မစ်ဆူဘီရှီ အကြီးစား စက်မှုလုပ်ငန်း (MHI) ရဲ့ မိုဂါမီ ဖရီးဂိတ်ဖျက်သင်္ဘောကို ရွေးချယ်လိုက်တာပါ။ 

မစ်ဆူဘီရှီနဲ့  သြစတြေးလျဒေါ်လာ ၁၀ ဘီလီယံတန် ဖရီးဂိတ် စာချုပ် ချုပ်ဆိုမယ့် သြစတြေးလျရဲ့ ဆုံးဖြတ်ချက်ကို ဂျပန်နိုင်ငံက ကြိုဆိုကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် နာကာတာနီက သြဂုတ် ၅ ရက်မှာ ပြောပါတယ်။ 

အဲဒီဆုံးဖြတ်ချက်ဟာ ဂျပန်နိုင်ငံရဲ့ မြင့်မားတဲ့ နည်းပညာနဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ သြစတြေးလျစစ်တပ်တို့ကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မှု အပေါ် ယုံကြည်မှုရဲ့ သက်သေပဲလို့ ဗိုလ်ချုပ် နာကာတာနီက မီဒီယာတွေ့ဆုံပွဲ တခုမှာ ပြောခဲ့တာပါ။

အဲဒီဖရီးဂိတ်သင်္ဘော ၃ စင်း ကန်ထရိုက်စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှာ သြစတြေးလျအစိုးရက အမေရိကန်နဲ့ ဗြိတိန်တို့နဲ့ ပူးပေါင်းပြီး နျူကလီးယားစွမ်းအားသုံး ရေငုပ်သင်္ဘောငယ်တွေကို တည်ဆောက်ဖို့ သဘောတူညီခဲ့ပြီးနောက်ပိုင်း သြစတြေးလျနိုင်ငံရဲ့ အကြီးမားဆုံး ကာကွယ်ရေးဆိုင်ရာ ဝယ်ယူမှု ဖြစ်လာလိမ့်မှာဖြစ်ပြီးတော့ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး ကာကွယ်ရေး ပို့ကုန် သဘောတူညီချက်တွေထဲက တခုလည်းဖြစ်ပါတယ်။ 

မိုဂါမီ ဖရီးဂိတ်ဖျက်သင်္ဘောတွေမှာ ရေအောက်စစ်ပွဲနဲ့ လေကြောင်းရန် ကာကွယ်ရေးအတွက် စွမ်းဆောင်နိုင်မယ့် လက်နက်ကိရိယာတွေကို တပ်ဆင်ထားမှာဖြစ်ပြီး ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းတွေနဲ့ ဩစတြေးလျရဲ့ မြောက်ဘက်ကနေ တိုက်ရိုက်ဝင်လာနိုင်တဲ့ သမုဒ္ဒရာ လမ်းကြောင်းတွေကို လုံခြုံစေဖို့ ရည်ရွယ်ထားပါတယ်။ 

ပထမဆုံး ဘက်စုံသုံး ဖရီးဂိတ်စစ်သင်္ဘော ၃ စီးကို ဂျပန်နိုင်ငံမှာ တည်ဆောက်မှာ ဖြစ်ပြီး ကျန် ၈ စင်းကိုတော့ သြစတြေးလျအနောက်ပိုင်းရှိ ကမ္ဘာလုံးဆိုင်ရာ သင်္ဘော တည်ဆောက်ရေး ကုမ္ပဏီ ဩစတယ်လ်ကနေ ဆောက်လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ပထမဆုံး ဖရီးဂိတ်သင်္ဘောကို ၂၀၂၉ ခုနှစ်မှာ ပို့ဆောင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ သြစတြေးလျအစိုးရဟာ အန်းန်ဇက်ခ် ကလပ်စ် ဖရီးဂိတ်သင်္ဘောရဲ့ နေရာမှာ အစားထိုးဖို့ ဘက်စုံသုံး ဖရီးဂိတ် စစ်သင်္ဘောတွေအတွက် သြစတြေးလျဒေါ်လာ ၁၀ ဘီလီယံအထိ သုံးစွဲမှာ ဖြစ်ကြောင်းကို အစိုးရက ၂၀၂၄ ခုနှစ်မှာ ပြောထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013