
ကျွန်းစုမြို့နယ်မှာ PDF အမည်ခံပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကနေ ခြိမ်းခြောက် ငွေတောင်းနေတဲ့ အပေါင်းအပါ ၅ ယောက်ထဲက ကျော်ဝင်း(ခ)ထောင်မှူး ဆိုသူကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးနေရာက ထွက်ပြေးခဲ့တာကြောင့် ဒီဇင်ဘာ ၁ ရက် နေ့လယ် ၁၂ နာရီခွဲလောက် လိုက်လံ ပစ်ခတ် ဖမ်းဆီးစဥ် သေဆုံးသွားတယ်လို့ ကျွန်းစုပကဖတာဝန်ရှိသူနဲ့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကဘင်းကျေးရွာအုပ်စု၊ မိုင်းတွေးကျေးရွာနေ ပြည်သူတယောက်ဆီကနေ ကျွန်းစု ပကဖ တာဝန်ခံက အလှူခံခိုင်းတယ်ဆိုပြီး ကျပ်ငွေ ၂၇ သိန်းကို ကျော်ဝင်း ဆိုသူက တောင်းယူခဲ့တယ်လို့ သတင်းရတဲ့အတွက် နိုဝင်ဘာ ၂၈ ရက် ညမှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ကျွန်းစုပကဖ တာဝန်ခံ ကိုနဂါးက ပြောပါတယ်။
ဖမ်းဆီးစစ်ဆေးနေစဥ်မှာ နိုဝင်ဘာ ၃၀ ရက် ည ၁ နာရီလောက်မှာ လက်ထိတ်ချွတ်ကာ ထွက်ပြေးသွားတာကြောင့် လိုက်လံရှာဖွေရာ ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲလောက် ရှော်တောမော်ရွာ ဒီရေတောထဲမှာ တွေ့ရှိပြီး ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ သေဆုံးခဲ့တယ်လို့ ကျွန်းစုပကဖတာဝန်ခံ ကိုနဂါးက ပြောပါတယ်။
“စထွက်ပြေးဆိုတည်းက ဘာတွေပါသွားလဲဆိုတာ အဖွဲ့ကလည်း စစ်ဆေးဖို့ အချိန်မရဘူး။ လက်နက်တော့ မပါသွားတာ သေချာတယ်။ ဒါပေမဲ့ ဒီနယ်မြေက ဒီရေတော များတယ်။ လိုက်ရှာရတာ အန္တရာယ်များတယ်။ ရှော်တောမော်ရွာက စစ်ကောင်စီတွေနဲ့လည်း နီးတယ်လေ။ အတင်းလိုက်ရှာမရဘူး၊ ရန်သူလည်း သတိထားရတယ်။ တရားခံလည်း လိုက်ရတယ်လေ။ သူကလည်း အနီးမကပ်ခံတာကြောင့် ပစ်လိုက်တာပါ။ အလောင်းက ရေထဲရောက်သွားပြီ၊ ဒီဘက်မှာ ဒီရေတော များတယ်၊ သူက ရေကူးပြီးပြေးဖို့ လုပ်တယ်၊ ရဲဘော်တွေလည်း ဒီဘက်ကမ်းမှာပါ။”
သေဆုံးသူ ကျော်ဝင်း(ခ)ထောင်မှူး ဆိုသူဟာ ပန်းဇင်ရွာသားဖြစ်ပြီး ပန်းဇင်ကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် ပျူစောထီးခေါင်းဆောင် တင်စိုးသူ ရဲ့ ညီတဝမ်းကွဲ တော်စပ်သူလို့လည်း ကိုနဂါးက ပြောပါတယ်။
သူတို့အဖွဲ့က ဘန္ဒရွာနဲ့ ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးတွေဆီကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်ကာ ငွေတောင်းခဲ့ဖူးတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံ ပြည်သူတယောက်က ပြောပါတယ်။
“ကျေးရွာအုပ်ကြီးတွေဆီကို ဖုန်းဆက်ပြီး ငွေတောင်းတယ်၊ ခြိမ်းခြောက်တောင်းတာပါ။ ငွေမပေးရင် ခင်ဗျားတို့အသက်အန္တရာယ်တွေ့မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ကြုံခဲ့ရတယ်တဲ့။”
သူတို့ ၅ ယောက်ဟာ PDF အမည်နဲ့ တယ်လီဖုန်းဆက်ပြီး ပန်းဇင်ကျေးရွာအုပ်ချုပ်ရေးမှူး တယောက်ဆီက ကျပ် ၂၅ သိန်း တောင်းရမ်းခဲ့သလို သဲဖြူကျွန်းမှာလည်း ကျေးရွာသားတွေဆီကနေ ကျပ်ငွေ သိန်း ၄၀ ကျော် တောင်းခံခဲ့ကြောင်း ဖမ်းဆီးစဥ်က ကိုကျော်ဝင်းရဲ့ ထွက်ဆိုချက်အရ သိရတယ်လို့ ကျွန်းစုပကဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မိုင်းတွေးရွာရဲ့ ကျောင်းထိုင်ဆရာတော်ဆီကလည်း ကျပ်သိန်း ၃၀၀ ကို တနင်္သာရီမြို့နယ် ပကဖ တာဝန်ခံ ဖိုးတက်တိုး အမည်ကိုသုံးပြီးတော့ လိမ်လည်ခြိမ်းခြောက်တောင်းခဲ့ကြောင်းလည်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကိုကျော်ဝင်းနဲ့အတူ ကြံရာပါ ၄ ယောက်အား ဆက်လက်ဖမ်းဆီးနိုင်ရေး လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


