
အမေရိကန်လုပ် ရေဒါကို ဗိုက်မှာတပ်ဆင်ထားပြီး ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်း ရေပြင်ပေါ်မှာ ပျံသန်းနေတဲ့ အပေါ့စား လေယာဉ်တစင်းဟာ သူ့အောက်မှာ ခုတ်မောင်းနေတဲ့ တရုတ်စစ်သင်္ဘောတွေကို ခြေရာခံရင်း ထိုင်ပေစစ်တပ်ကိုပေးဖို့ အချက်အလက်တွေကို စုဆောင်းနေပါတယ်။
လေယာဉ်မှူးသင်တန်းနဲ့ စင်းလုံးငှားလေယာဉ်တွေကြောင့် ပိုလူသိများတဲ့ ထိုင်ဝမ် လေကြောင်းအော်ပရေတာ Apex Aviation ဟာ “လူ့အဖွဲ့အစည်းတခုလုံးရဲ့ ခံနိုင်ရည်ရှိမှု” အစီအစဉ်အတွက် နည်းပညာအသစ်တွေကို တီထွင်ရာမှာ အရပ်ဘက်ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ထိုင်ဝမ်အစိုးရဆီ ကင်းထောက်လေကြောင်းခရီးစဉ်တွေကို ပံ့ပိုးနေပါတယ်။
ဆက်သွယ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးကို ကျောထောက်နောက်ခံပြုတာ၊ ဆိုက်ဘာကာကွယ်ရေး အားဖြည့်တာ၊ စောင့်ကြည့်ရေးနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ စုဆောင်းရာမှာ ပါဝင်နိုင်ခြေ ရှိတာတို့ အပါအဝင် ပိုတက်ကြွတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်ဖို့ အစိုးရက စီးပွားရေးလုပ်ငန်းတွေ၊ သုတေသနအဖွဲ့တွေနဲ့ တခြားအဖွဲ့အစည်းတွေကို ဖိတ်ခေါ်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုလို နိုင်ငံတွေမှာ အဖြစ်များပေမဲ့ ခုလို စစ်ဘက်-အရပ်ဘက် ပူးတွဲချဉ်းကပ်မှုဟာ ထိုင်ဝမ်အတွက် အသစ်အဆန်းပါ။
ကျွန်းတဝိုက်က ကောင်းကင်နဲ့ ရေပြင်တွေမှာ တရုတ်ရဲ့ နေ့စဉ်ကျူးကျော်မှုတွေကို တုံ့ပြန်ဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေက ပိုပြီး ဖိအားပေးခံနေရပါတယ်။
ထိုင်ဝမ်အစိုးရက ၂၀၃၀ ပြည့်နှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ ရည်ရွယ်ထားပြီး သိသာထင်ရှားတဲ့ အမေရိကန် လက်နက်ဝယ်ယူမှု အသစ်တွေ အပါအဝင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ အပိုဆောင်းဘတ်ဂျက်ကို မိတ်ဆက်မယ်လို့ ပြောထားပါတယ်။
Apex ကတော့ ခုလို စစ်ရေးတည်ဆောက်မှုမှာ အခန်းကဏ္ဍတခုအတွက် ကြိုးစားနေတာပါ။
အခုအချိန်အထိ ကာကွယ်ရေးစာချုပ်တွေ ရထားတဲ့ ကုမ္ပဏီတွေနဲ့ မတူဘဲ လေကြောင်းလိုင်းဟာ စောင့်ကြည့်ရေးလုပ်ငန်းကို ကုမ္ပဏီထဲမှာ ဆောင်ရွက်ချင်နေပြီး အာဏာပိုင်တွေဆီ ပစ္စည်းကိရိယာတွေ လွှဲပြောင်းပေးဖို့ ပွင့်ပွင့်လင်းလင်း ဆက်လုပ်ချင်နေပါတယ်။
တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေက ပိုနီးကပ်လာပြီး ပိုပြီး ခပ်စိပ်စိပ် ဖြစ်လာနေလို့ အရေးတကြီးဖြစ်ရတဲ့ ခံစားချက်ကို ဖန်တီးပေးတယ်လို့ Apex ဥက္ကဋ္ဌ ဝီလ်ဆင်ကောင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“ကျနော်တို့ အခုဝင်မလုပ်ရင် နောက်ပိုင်းမှာ အခွင့်အရေးတောင် ရတော့မှာ မဟုတ်ဘူး” လို့လည်း သူက ဆက်ပြောပါတယ်။
သဘောတူညီချက်ကနေ အလားအလာရှိတဲ့ ဝင်ငွေအပေါ် Apex က ခန့်မှန်းချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
Source: Reuters


