
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေဆီက ကြိုတင်မဲမရလို့ အခက်တွေ့ခဲ့ရတဲ့ စစ်ကောင်စီသံရုံးက မဲရုံဖွင့်တဲ့ရက်ကို ထပ်တိုးပြီး စောင့်ဆိုင်းခဲ့ပေမဲ့ မဲလာပေးသူမရှိခဲ့ဘူးလို့ အဲဒီနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ဆိုးလ်မြို့မှာရှိတဲ့ စစ်ကောင်စီသံရုံးအနေနဲ့ မြန်မာနိုင်ငံသားတွေ ကြိုတင်မဲထည့်ဖို့အတွက် ဒီဇင်ဘာ ၇ ရက် နဲ့ ၈ ရက်မှာ မဲရုံဖွင့်ခဲ့ပေမဲ့ မဲပေးသူမရှိသလောက် အခြေအနေနဲ့ကြုံခဲ့တာကြောင့် မဲလက်ခံမဲ့ရက်ကို ဒီဇင်ဘာ ၁၂ ရက်အထိ ရက်ထပ်တိုးခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားရောက် မြန်မာအရေးလူပ်ရှားသူတယောက်က “ရက်ထပ်တိုးတဲ့ နောက်ဆုံးနေ့အထိ မဲလာပေးတဲ့သူမရှိဘဲ သံရုံးမှာ လူအဝင်အထွက် ရှင်းနေတာတွေ့တယ်။ သူတို့ရက်တိုးလို့လည်း အခြေအနေက မဟန်ခဲ့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်ပမှာရှိတဲ့ စစ်ကောင်စီသံရုံးတွေက ကြိုတင်မဲပေးတဲ့ သတင်းတွေ ထုတ်ပြန်ခဲ့ကြတာရှိပေမဲ့ တောင်ကိုရီးယားအနေနဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့လယ်ပိုင်းအထိ ထုတ်ပြန်တာ မတွေ့ရပါဘူး။
စစ်ကောင်စီသံရုံးက ကြိုတင်မဲပေးလို့ရအောင် မဲရုံးဖွင့်ခဲ့သလို တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေကလည်း အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဆန္ဒပြသပိတ်ကို သံရုံးအနီးမှာ ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံကို ရောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း စစ်ကောင်စီ သံရုံးအနီး ဒီဇင်ဘာ ၁၂ ရက်က ဆန္ဒပြနေတဲ့ မြန်မာနိုင်ငံသားတွေကို သွားရောက်တွေ့ ဆုံအားပေးခဲ့တယ်လို့ NUG မြန်မာကိုယ်စား လှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အဲဒီမတိုင်ခင် ဒေါ်ဇင်မာအောင်က ဒီဇင်ဘာ ၁၁ ရက်မှာ တောင်ကိုရီးယားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် အပြောင်းအလဲဖြစ်နိုင်မှာမဟုတ်ဘဲ၊ စစ်တပ်အုပ်ချုပ်တာ သက်ဆိုးရှည်ဖို့ ဖြစ်ကြောင်း အသိပေးပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြစ်တင်ရူတ်ချသင့်ကြောင်းနဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်သားတွေကို အထူးနေထိုင်ခွင့် ဗီဇာ ဆက်ပြီးထုတ်ပေးဖို့ ဒေါ်ဇင်မာအောင်က တိုက်တွန်းပြောကြားခဲ့တယ်လို့ မြန်မာကိုယ်စားလှယ်ရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၏စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ပြည်ပက စစ်ကောင်စီသံရုံးတွေမှာ ဒီဇင်ဘာလဆန်းကစပြီး ကြိုတင်မဲပေးတာကို လက်ခံခဲ့ပေမဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက မဲမပေးဘဲ ဆန့်ကျင်ခဲ့ကြပါတယ်။
အဲဒီထဲကမှ တောင်ကိုရီးယားမှာရှိတဲ့ စစ်ကောင်စီသံရုံးအနေနဲ့ ကြိုတင်ပေးသူမရှိသလောက် အခြေအနေကြုံရသလို မြန်မာနိုင်ငံသားတွေရဲ့ အနီးကပ်သပိတ်မှောက်ဆန္ဒပြတာပါ ခံနေရပါတယ်။
အဲဒီလို ကြိုတင်မဲရဖို့ ခက်ခဲခဲ့တာကြောင့် ပြည်ပကစစ်ကောင်စီသံရုံးတွေထဲမှာ ရှားရှားပါးမဲရုံဖွင့်တဲ့ ရက် ထပ်တိုးစောင့်ဆိုင်းခဲ့ရတဲ့အထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ EPS စနစ် နဲ့ ရောက်ရှိလုပ်ကိုင်နေတဲ့ မြန်မာနိူင်ငံသား ၈၀,၀၀၀ ထက် မနည်းရှိသလို တခြားနည်းလမ်း နဲ့ ရောက်နေသူ အများအပြားလည်းရှိပါတယ်။
အဲဒီနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်လက်ခံချိန်က မဲလာပေးတဲ့ မြန်မာနိုင်ငံသားအလုံးအရင်းရှိခဲ့တာကြောင့် မဲပေးခွင့်ရဖို့ တနေကုန်ရပ်စောင့်ခဲ့ရသလို ရဲလုံခြုံရေး ထားပေးရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေက ပြောပါတယ်။


