
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ဆေးရုံကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဗုံးကြဲပြီးနောက် ကျောက်ဖြူမြို့နယ်ကို ထပ်မံဗုံးကြဲတဲ့အတွက် ပြည်သူ ၈ ယောက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၁ ရက် ည ၇ နာရီဝန်းကျင်မှာ ကျောက်ဖြူမြို့နယ် ငလုံးစုကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ငလုံးစုကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ယောက်သေဆုံးခဲ့သလို ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကျောက်ဖြူဒေသခံတယောက်က “သေဆုံးသူတွေထဲက ၂ ဦးက စစ်ဘေးရှောင်တွေ ဗုံးမကြဲခင် မနက်ပိုင်းရွာကို အလယ်လာကြတာ။ ညဘက်ရောက်သွားလို့ တညအိပ်မယ်ဆိုပြီးနေတာမှာ ပါသွားတယ်” လို့ DVB ကိုပြောပါတယ်။
အဲဒီစစ်ရှောင် ၂ ယောက်ဟာ ဦးကံကြီးနဲ့ မမျိုးသူချေတို့ဖြစ်ကြပြီး ကျန်တဲ့ဒေသခံတွေကိုတော့ ထပ်ပြီးအတည်ပြုနေဆဲလို့ ဆိုပါတယ်။
မနေ့ကလည်း ဂွမြို့နယ်အနီးကို စစ်ကောင်စီနေဗီနဲ့ လေတပ်တွေက ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး နဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီဝန်းကျင်ကလည်း မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လသားအရွယ်ကလေး အပါအဝင် ပြည်သူ ၃၄ ယောက်သေဆုံးပြီး အယောက် ၇၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


