
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို စစ်ကောင်စီလေတပ်နဲ့ ရေတပ်တွေက ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းကစ လို့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်လေယာဥ်ကနေ ဗုံးကြဲတာ၊ ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွကို ဆက်တိုက်လုပ်နေတာဖြစ်ပြီး ဂွမြို့နယ်ပတ်ဝန်းကျင်ကို အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်ဗုံးကြဲတယ်လို့ ဆိုပါတယ်။
ဂွမြို့ဒေသခံတယောက်က “ပြင်လယ်ပြင်ကနေ Navy ကလက်နက်ကြီးနဲ့ပစ်တယ်။ လေကြောင်းကနေလည်း ဗုံးကြဲတယ်။ မြို့ပတ်ဝန်းကျင်ကို ပစ်တာ။ လူထိခိုက်တယ်လို့တော့ မကြားမိသေးဘူး” လို့ DVB ကိုပြောပါတယ်။
မနက် ၉ နာရီကျော်မှာ ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးနောက်မှာ မနက် ၁၁ နာရီခွဲကျော်မှာ ဂျက်တိုက်လေယာဉ် တစီးနဲ့ ဗုံးကြဲတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၀ ရက်ကလည်း မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်လို့ ဆေးရုံတက်နေသူ ၃၃ ယောက်ထက် မနည်းသေဆုံးပြီး ၇၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၅ နိုဝင်ဘာ ၁၃ ရက်အထိ ၂ နှစ်အတွင်း အရပ်သား ၁,၁၅၂ ယောက် သေဆုံးသလို ဒဏ်ရာရသူ ၂,၁၅၃ ဦးရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA ) က ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။


