
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အနောက်ခြမ်း ထူးကြီးကျေးရွာကို ဒီဇင်ဘာ ၁၀ ရက် ညနေ ၄ ခွဲမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘောလုံးကန်နေတဲ့ အရပ်သားပြည်သူ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ ဒရုန်းယာဉ်ဟာ ရွှေဘိုမြို့ တပ်ထောက်ပို့တပ်ဖွဲ့ (တထပ-၂) အတွင်းကနေ လာရောက်ကြဲချသွားတာလို့လည်း သိရပါတယ်။
“မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘူး။ ရွာကကလေးတွေ ဘောလုံးကွင်းထဲ ဘောလုံးကန် ကစားနေကြတာကို သက်သက်ကြဲချတာ။ အထိအခိုက်ကတော့ ၆ ဦးရှိတယ်။ အသက်အန္တရာယ်အတွက် မစိုးရိမ်ရပါဘူး။ ပေါင်ဒဏ်ရာ၊ ကိုယ်လုံးဒဏ်ရာ ပွန်းပဲ့တာပါပဲ။ အခုလို အကြောင်းမဲ့ တိုက်ခိုက်လို့ ဘာပြောချင်လဲဆိုတော့ စစ်ကို စစ်နဲ့တူအောင်တိုက်ပါ။ ပြည်သူတွေကို စစ်ရေးပစ်မှတ်ထား မတိုက်ခိုက်ပါနဲ့လို့ပဲ ပြောချင်ပါတယ်ဗျာ။”
ရွှေဘိုမြို့နယ်၊ ထူးကြီးကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်ကလည်း မီးရှို့ခဲ့လို့ ပြည်သူ့နေအိမ် ၁၀၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။
ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေတပ်မှ ကိုရှမ်းကြီးက “မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ ဒရုန်းနဲ့ ဗုံးကြဲချပြတာဟာ သူတို့ရဲ့လုပ်ဆောင်ချက်ကို အတုလုပ်ပြတာပေါ့။ အဲဒါကို အထက်လူကြီးဆိုတဲ့ကောင်တွေကို လိမ်ပြီး သတင်းတင်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။ အဓိက ထိခိုက်ဒဏ်ရာရတဲ့သူတွေက သာမန် အရပ်သားလူငယ် ကလေးတွေပါ” လို့ ပြောပါတယ်။
ဒဏ်ရာရတဲ့ ကလေးငယ်တွေကို ဆေးကုသနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ကူညီလုပ်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။


