
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ဆေးရုံကို စစ်ကောင်စီတပ်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီကျော်က ဗုံးကြဲခဲ့တဲ့အတွက် ၃၃ ယောက်သေဆုံးပြီး ၇၆ ယောက် ဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော်ဘက်က ထုတ်ပြန်သလို ဒေသတွင်း မီဒီယာတွေကလည်း ဖော်ပြကြပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ၂၇ ယောက်က ဒဏ်ရာပြင်းထန်ပြီး ၄၉ ယောက်ကတော့ အသေးစား ဒဏ်ရာရတာလို့ စာရင်းတွေအရ သိရပါတယ်။ သေဆုံးတဲ့ဦးရေ ပိုများလာနိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်တပ်က မနေ့က မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာကို စစ်တပ်က ဗုံးကြဲခဲ့တဲ့အတွက် ကလေးသူငယ်တွေ အပါအဝင် ၇ ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။


