မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၃ နာရီခွဲလောက်က စတင်ပြီး စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ရွာသား တယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိကာ နေအိမ်တလုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တံတားဦးဘက်ကနေတက်လာတဲ့ ဂျက်တိုက်လေယာဉ် ၂ စင်းက လက်ပန်လှကျေးရွာ ပြည်စိုးအောင်ရပ်ကွက်နဲ့ ပင်လယ်ကြီးရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်သွားတာ ဖြစ်ပါတယ်။
ဒေသခံရွာသားတယောက်က“စက်လက်နဲ့လည်းအပေါ်ကနေ ဆွဲသွားသေးတယ်ဗျ။ သေဆုံးတာက ပင်လည်ကြီးရပ်ကွက်က ပြည်သူတယောက်သေဆုံးပြီး ဒဏ်ရာရသူ ၅ ဦးရှိ ခဲ့တယ်။ ပြည်စိုးအောင်ရပ်ကွက်ကလူ နေအိမ်တလုံး မီးလောင်တယ်” လို့ ပြောပါတယ်။
စဉ်ကူးမြို့နယ်မှာ စစ်တပ်က နယ်မြေပြန်လည်စိုးမိုးအောင် မြေပြင်စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေသလို ဝေဟင်ကနေပါ ဗုံးကြဲချ ပစ်ကူပေးနေတာ ဖြစ်ပါတယ်။
စဉ့်ကူးမြို့နယ်ပကဖအဖွဲ့ဝင်တယောက်က “စစ်ကြောင်းက မတ္တရာမြို့နယ်ဘက်ကနေ စဉ့်ကူးမြို့နယ်တောင်ပိုင်း ရွှေပြည်ရွာနဲ့ တောင်အင်းရွာကို စစ်ကြောင်းဖြန့်ထိုးလာတာရှိတယ်ဗျ။ ပြည်သူကိုသတ်ဖြတ်တာတွေလည်းရှိတယ်လို့ သိထားရတယ်။ လက်ပန်လှရွာကို စစ်တပ်က ဘာကြောင့် လေယာဉ်နဲ့ဗုံကြဲ ပစ်ခတ်တာလဲဆိုတာ့ သူတို့က အဓိက လမ်းဆုံလမ်းခွ လူစည်ကားရာ နေရာတွေဆို ဗုံးကြဲချတာ၊ သူတို့ရဲ့ ဗျူဟာပါပဲ”လို့ ပြောပါတယ်။
လက်ပန်လှရွာဟာ မိုးကုတ်-မန္တလေးသွားတဲ့ လမ်းဆုံမှာတည်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး စစ်တပ်ရဲ့ အကြိမ်ကြိမ်ဗုံးကြဲတာခံနေရတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။





