
အမေရိကန်ဟာ ဗင်နီဇွဲလားကမ်းရိုးတန်းမှာ ရေနံတင်သင်္ဘောတစီးကို ဖမ်းဆီးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒီဇင်ဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပြီးနောက် ကရာကာ့စ်နဲ့ ပိုမိုတင်းမာလာပြီး ရေနံဈေးနှုန်းတွေလည်း မြင့်တက်လာစေခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးကို အမေရိကန် ကမ်းခြေစောင့်တပ်က ဦးဆောင်ခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိ ၃ ယောက်က ပြောကြားခဲ့ပါတယ်။
ရေနံတင်သင်္ဘောအမည်၊ ဘယ်နိုင်ငံရဲ့အလံကို လွှင့်ထူထားတယ် သို့မဟုတ် ဘယ်နေရာမှာ ကြားဖြတ်ဖမ်းဆီးမှု လုပ်ဆောင်ခဲ့တယ် စတာတွေကို အတိအကျ မဖော်ပြခဲ့ပါဘူး။
ဗြိတိသျှရေကြောင်းအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ Vanguard ကတော့ ဒီဇင်ဘာ ၁၀ ရက် အစောပိုင်းက Skipper အမည်ရှိ ရေနံတင်သင်္ဘောကို ဗင်နီဇွဲလားနိုင်ငံအနီးမှာ ဖမ်းဆီးခဲ့တယ်လို့ ယူဆရကြောင်း ပြောပါတယ်။
အက်ဒီဆာ အမည်ရှိ အီရန်ရေနံကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ဝါရှင်တန်က ပြောထားတဲ့ ဒီရေနံတင်သင်္ဘောအပေါ် အမေရိကန်က ပိတ်ဆို့မှုတွေ ချမှတ်ထားတာပါ။
Skipper ရေနံတင်သင်္ဘောဟာ ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အကြားမှာ ဗင်နီဇွဲလားနိုင်ငံရဲ့ အဓိက ရေနံဆိပ်ကမ်းဖြစ်တဲ့ ဟိုဆေး ဆိပ်ကမ်းကနေ ဗင်နီဇွဲလားရဲ့ မယ်ရီး ရေနံစိမ်းအပျစ်တွေကို တင်ဆောင်ပြီးနောက် ထွက်ခွာသွားခဲ့ကြောင်း ရေနံတင်သင်္ဘော ခြေရာခံဝက်ဘ်ဆိုက်နဲ့ PDVSA ရဲ့ ပြည်တွင်း သင်္ဘောတင်ပို့မှု အချက်အလက်တွေအရ သိရပါတယ်။
ရေနံတင်သင်္ဘော သိမ်းဆည်းခံရမှုသတင်းကြောင့် ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကတော့ ဒီဇင်ဘာ ၁၀ ရက်မှာ စစ်ရေးတိုက်ပွဲတခု အောက်မေ့ဖွယ်အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေခဲ့ပြီး ရေနံတင်သင်္ဘော သိမ်းဆည်းခံရမှု သတင်းတွေကို ပြောမသွားပါဘူး။
ထရမ့်ပ်ဟာ ဒေသတွင်းမှာ အမေရိကန်စစ်တပ်ကို အကြီးအကျယ်တည်ဆောက်ဖို့ အမိန့်ပေးခဲ့ပြီး သံသယရှိ မူးယစ်ဆေးဝါး သင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ရေနံတင်သင်္ဘောတစီးကို ပထမဆုံးအကြိမ် အရေးယူလိုက်တာပါ။
ဒီလုပ်ဆောင်ချက်ကြောင့် ဒီမိုကရက်တစ်လွှတ်တော်အမတ်တွေနဲ့ ဥပဒေကျွမ်းကျင်သူတွေအကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။
သင်္ဘောသိမ်းယူလာမှုဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ ရေနံလုပ်ငန်းကို တိုက်ခိုက်ဖို့ ကြိုးပမ်းချက်တွေကို အရှိန်မြှင့် အချက်ပြလိုက်တာ ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source: Reuters


