
အမှတ် ၆ လေတပ် ဂျပန်လေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ F-15 တိုက်လေယာဉ်တွေဟာ အမေရိကန် B-52 ဗုံးကြဲလေယာဉ်တွေနဲ့အတူ ဂျပန်ပင်လယ်ပေါ်မှာ ပူးတွဲ စစ်ရေးလေ့ကျင့်နေပါတယ်။
စစ်ရေးလေ့ကျင့်နေတဲ့ ဓာတ်ပုံတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာ ရိုက်ကူးထားပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပူးတွဲစစ်ဦးစီးအရာရှိရုံးက ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
ရုရှားနဲ့ တရုတ်စစ်လေယာဉ်တွေက တောင်ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံအနီးမှာ ပူးတွဲ လေကြောင်း ကင်းလှည့်ပြီးတဲ့နောက် တောင်ကိုရီးယားနဲ့ ဂျပန်တို့က တိုက်လေယာဉ်တွေ သီးခြားစီ ပျံတက်ခဲ့ကြပါတယ်။
ရုရှားလေယာဉ် ၇ စင်းနဲ့ တရုတ်လေယာဉ် ၂ စင်းဟာ အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယားရဲ့ လေကြောင်းကာကွယ်ရေးဇုန် (KADIZ) ထဲကို ဝင်လာခဲ့တယ်လို့ ဆိုးလ်မြို့တော်က ပူးတွဲစစ်ဦးစီးအရာရှိရုံးက ပြောပါတယ်။
တရုတ်နဲ့ ရုရှား စစ်တပ်တွေဟာ နှစ်ဖက်အကြား နှစ်စဉ် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်နဲ့အညီ အင်္ဂါနေ့မှာ အရှေ့တရုတ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်က သက်ဆိုင်ရာ လေပိုင်နက်မှာ ပူးတွဲ မဟာဗျူဟာမြောက် လေကြောင်း ကင်းလှည့်ခဲ့တယ်လို့ တရုတ်မီဒီယာတွေက ထုတ်ပြန်ပါတယ်။
၂၀၁၉ ခုနှစ်ကစပြီး နှစ်နိုင်ငံစစ်တပ်တွေက စီစဉ်တဲ့ ၁၀ ကြိမ်မြောက် ပူးတွဲ မဟာဗျူဟာမြောက် လေကြောင်းကင်းလှည့်မှုလို့လည်း ပြောပါတယ်။
“တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်-ရုရှား ပူးတွဲကင်းလှည့်မှုဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်ခဲ့တယ်။ တရုတ်-ရုရှား ပူးတွဲ မဟာဗျူဟာမြောက် လေကြောင်းကင်းလှည့်မှုဟာ နှစ်ပတ်လည် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှာ လုပ်ဆောင်တဲ့ စစ်ဆင်ရေးတရပ်ဖြစ်ပြီး ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးတွဲတုံ့ပြန်ရာမှာ နှစ်ဖက်စလုံးရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ စွမ်းရည်ကို ပြသနေတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကို့ကျားကွန်းက ဒီဇင်ဘာ ၁၀ ရက် ပေကျင်းမြို့တော် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Source:Reuters


