
“သူတို့ဟာက တရားဝင်လူကုန်ကူးနေသလိုပဲ၊ ရောက်တာနဲ့ အိမ်ရှင်တွေကလည်း ပတ်စပို့တွေ ချက်ချင်းသိမ်းတယ်၊ စရောက်ကတည်းက လမ်းမှားပြီဆိုတာ သိလိုက်တယ်၊ ဒါပေမဲ့ နောက်ပြန်ဆုတ်လို့ မရတော့ဘူး။ ကျမ ကျတော့ ဒီလာရင် ခက်ခဲတယ်ဆိုတာ ပြောပြတယ်၊ သူများတွေကျ အပိုဝင်ငွေရတယ်ဆိုပြီး လူခေါ်ပေးကြတယ်” လို့ မပုစုက ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် အသားညိုညို၊ ခန္ဓာကိုယ်ပိန်သွယ်သွယ်နဲ့ မပုစုဟာ မြန်မာနိုင်ငံကနေ အရှေ့အလယ်ပိုင်းဒေသ အိုမန်နိုင်ငံမှာ အိမ်အကူအနေနဲ့ အလုပ်လုပ်ကိုင်နေရသူတယောက် ဖြစ်ပါတယ်။
အိုမန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေရသူ မပုစုက “သူတို့က အလုပ်ချိန်ကို မနက် ထရမဲ့အချိန် သတ်မှတ်တယ်၊ ညနားချိန်ကို မသတ်မှတ်ဘူး၊ မရပ်မနား (nonstop) ခိုင်းတယ်၊ လုပ်စရာက များလားဆို မရှိရှိတာ ရှာခိုင်းတာ၊ သူတို့နဲ့က အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးဆိုတာထက် သခင် ကျွန် ဆက်ဆံရေးပဲ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှားပါးလာတဲ့အပြင် စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ပြည်ပနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သူက ပြောပါတယ်။
ပြည်ပနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်တွေကို ဆက်သွယ်ရာကနေ အိုမန်နိုင်ငံက အေးဂျင့်တွေနဲ့ ချိတ်ဆက်မိခဲ့ပြီး ဒီအလုပ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
မပုစုက “သူတို့နဲ့ အလုပ်ကိစ္စမေးတုန်းက ဘိုးဘွားစောင့်ရှောက်ရမယ်လို့ ပြောတယ်။ သူတို့ကို ဘိုးဘွားစောင့်ရှောက်ရေးပဲ လုပ်ချင်တယ် ပြောခဲ့တယ်။ သူတို့က ရတယ်၊ ဟိုမှာအလုပ်ပေါတယ် ဘာညာပြောတယ်။ ရောက်လာတော့ အဲဒီလို သီးသန့်မရဘူး၊ ရှိတဲ့အလုပ်ကို လုပ်ရမယ် ဆိုတာမျိုး ဖြစ်လာတော့ ကျမတို့မှာ ရွေးချယ်စရာမရှိဘဲ လုပ်ရတယ်” လို့ ပြောပါတယ်။
မပုစုဟာ ၂၀၂၅ ဇွန်လမှာ မြန်မာနိုင်ငံကနေ အိုမန်နိုင်ငံ အလုပ်အကိုင်ရှာဖွေပေးရေး အေးဂျင့်နဲ့ ချိတ်ဆက်မိခဲ့ပြီး သံရုံးမှာ ဗီဇာလျှောက်ခဲ့ပါတယ်။ ဗီဇာရတဲ့အချိန်မှာလည်း လေယာဥ်နဲ့ ထွက်ခွာရင် အစစ်ဆေးများတာကြောင့် အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံကို အရင်လာခဲ့ရတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကနေတဆင့် အိုမန်နိုင်ငံကို သွားရတာဖြစ်ပြီး ရောက်တော့မှ အေးဂျင့်တွေပြောတာနဲ့ မတူတာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။ အိုမန်နိုင်ငံက အလုပ်သမားရုံးတွေဆီကို အလုပ်သမား လိုချင်သူတွေက လာရောက်ဆက်သွယ်ပြီးနောက် အလုပ်သမားတဦးကို တပတ်ခိုင်းကြည့်ပြီး ကြိုက်နှစ်သက်မှ အလုပ်သမားရုံးတွေဆီမှာ စာချုပ် ချုပ်တာလို့ သိရပါတယ်။
“သူတို့က လူကို ကြိုက်တယ်ဆို ခေါ်သွားတယ်၊ ခိုင်းတယ်။ သူတို့ကြိုက်တယ်ဆိုရင် ID လုပ်ပေးတယ်၊ ဗီဇာပြောင်းပေးတယ်၊ ရုံးမှာ စာချုပ်ချုပ်တယ်။ သူတို့က အလုပ်သမားခေါ်လို့ အလုပ်သမားရုံးကို အလုပ်သမားဝယ်တဲ့အတွက် သိန်း ၇၀ ဝန်းကျင် ပေးရတယ်” လို့ သူက ပြောပြပါတယ်။
အိုမန်နိုင်ငံမှာ အိမ်အကူလာလုပ်သူတွေဟာ အလုပ်ရှင်နဲ့ အလုပ်သမားရုံးက ချုပ်ဆိုထားတဲ့ စာချုပ်ကိုလည်း မသိရဘူးလို့ ဆိုပါတယ်။ စာချုပ်မှာ ဘယ်လိုအခွင့်အရေးတွေကို ချိုးဖောက်ထားလဲ ဆိုတာကိုလည်း မသိရဘူးလို့ မပုစုက ဆိုပါတယ်။
“စာချုပ်မှာက လက်မှတ်တောင် မထိုးခဲ့ရဘူး၊ လက်ဗွေလည်းမပါဘူး၊ ဖတ်တောင်မဖတ်ရဘူး၊ ကျမတို့မှာ အိမ်ရှင်ရ၊ အဲ့မှာ အလုပ် ၂ နှစ်လုပ်ရမယ်၊ အဲဒါပုံသေလိုပဲ။ မလုပ်နိုင်ရင် လျော်ပြန်၊ စာချုပ်ထဲမှာ ဘာပါလဲ၊ ဘာလုပ်ပိုင်ခွင့်ရှိလဲ ဆိုတာကို ဘာမှမသိရဘူး၊ စာချုပ်ကို ဖတ်ကိုမဖတ်ရတာ။”
မြန်မာနိုင်ငံကနေ အိုမန်နိုင်ငံကို အလုပ်လာလုပ်ရဖို့ ငွေကြေးအရင်းအနှီး စိုက်ထုတ်စရာမလိုဘဲ အေးဂျင့်တွေကို ဆက်သွယ်ရုံနဲ့ ဗီဇာအလွယ်တကူ ရရှိနိုင်တယ်လို့ သိရပါတယ်။ အိုမန်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ ဗီဇာခနဲ့ လေယာဥ်ခတွေကို အေးဂျင့်ဘက်က စိုက်ထုတ်ပေးပြီး အလုပ်လခ ၂ လစာကိုသာ ပြန်ပေးရတယ်လို့ သိရပါတယ်။
စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကနေ ပြည်ပကို အလုပ်ထွက်လုပ်ကိုင်လိုသူ များလာပြီး စစ်ကောင်စီတပ်ကလည်း အလုပ်သမား ပြည်ပထွက် အလုပ်လုပ်ဖို့ကို သိသိသာသာ စတင်တင်းကျပ်လာတဲ့ အခြေနေတွေကို ပြည်တွင်းက အလုပ်သမားအရေးတွေကို ကူညီပေးနေသူ ကိုစိုးယုမောင်က ပြောပြပါတယ်။
“အရှေ့အလယ်ပိုင်းဒေသ အိုမန်နဲ့ ဒူဘိုင်းနိုင်ငံတွေကို အလုပ်သမားပို့ဆောင်တဲ့ လုပ်ငန်းစဥ်မှာ အလုပ်သမားတွေအနေနဲ့ အလုပ်ဗီဇာနဲ့ မသွားရတာတွေထိ ကန့်သတ်လာတယ်။ အဲ့မှာ ပြည်ပထွက်မဲ့သူတွေက မြန်မာအေးဂျင့်ရုံးတွေမှာ ပိတ်မိနေပြီး အရှေ့အလယ်ပိုင်း နိုင်ငံတွေကို အလည်ဗီဇာနဲ့ သွားလာရ လွယ်ကူတာရယ်၊ အလည်ဗီဇာနဲ့ သွားတာကြောင့် အေးဂျင့်ဘက်က စိုက်ခံပေးပြီး ကိုယ့်ဆီမှာ ငွေမရှိလည်း တဖက်နိုင်ငံမှာ အလုပ်ရမှ ၂ လစာ၊ ၃လစာ ဆပ်ရင် ရတယ်ဆိုပြီး အလုပ်သမားတွေကို မက်လုံးပေးတာရယ်၊ အေးဂျင့်တွေကလည်း အိမ်အကူပို့ပေးတဲ့အတွက် တဖက်နိုင်ငံက ကော်မရှင်ကြေး ထိုက်ထိုက်တန်တန် ရတာရယ်ကြောင့် တရားမဝင်တဲ့ စာချုပ်တွေကို အလုပ်သမားနဲ့ မြန်မာပြည်အေးဂျင့်က ချုပ်ဆိုကြပြီး တဖက်နိုင်ငံမှာရှိတဲ့ အေးဂျင့်ရုံးအသီးသီးကို ပို့ပေးလိုက်ကြတာ ဖြစ်ပါတယ်။”
အိမ်ရှင်တွေက အလုပ်သမားတွေရဲ့ passport နဲ့ ID တွေကိုပါ သိမ်းထားတာကြောင့် အလုပ်သမားတွေအနေနဲ့ ဘာတောင်းဆိုမှုကိုမှ မလုပ်ရဲကြဘူးလို့ မပုစုက လက်ရှိအခြေအနေကို ပြောပြပါတယ်။
အိမ်ရှင်တွေက အလုပ်သမားတွေရဲ့ ပတ်စပို့ကို သိမ်းထားတဲ့အပြင် ဖုန်းဆင်းကတ်လည်း ဝယ်ယူအသုံးပြုခွင့် မရသလို ပြင်ပလူတွေနဲ့ ဆက်သွယ်နိုင်မဲ့ Wifi အင်တာနက်တွေကိုပါ အသုံးပြုခွင့် ပိတ်ထားတယ်လို့ အဆက်သွယ်ပြတ်တောက်နေတဲ့ အခြေနေကို ပြောပါတယ်။
အိုမန်နိုင်ငံမှာ အိမ်အကူလုပ်နေရတဲ့ အမျိုးသမီးတွေဟာ အသက် ၁၈ အထက်ကနေ အသက် ၄၀ ကျော်အရွယ်ထိ ရှိကြပြီး သူတို့အတွက် နားရက်သီးသန့် သတ်မှတ်ပေးတာတွေလည်း မရှိပါဘူး။ အိမ်အကူအမျိုးသမီးတွေဟာ မနက်အစော ၄ နာရီလောက်က စတင်ကာ အိမ်အလုပ်လုပ်ကိုင်ရပြီး ည ၁၂ နာရီအထိ အိမ်ရှင်ခိုင်းတာတွေကို လုပ်ကိုင်ရပါတယ်။
“အားလုံး အမျိုးသမီးတွေဆိုတော့ ရာသီလာတဲ့အချိန်ရှိတယ်၊ အဲဒီအချိန်ဆို အမြင့်မတက်ချင်ဘူး၊ မပြေးလွှားချင်ဘူး၊ အလေးတွေ မ မချင်ဘူး။ အရမ်းပင်ပန်းတယ်၊ ဒါပေမဲ့ နားချိန်တောင်မရဘဲ လုပ်ရတယ်” လို့ မပုစုက သူကြုံတွေ့ရတာကို ပြောပြပါတယ်။
အိုမန်နိုင်ငံကို မြန်မာပြည်ကနေ အိမ်အကူလာလုပ်သူဟာ တလကို အယောက် ၅၀၀ ဝန်းကျင်ရှိပြီး ၈၀ ရာခိုင်နှုန်းဟာ အလုပ်ရှင်တွေရဲ့ နိုင်ထက်စီးနင်း ပြုကျင့်တာတွေကို ခံစားရပြီး တရားမမျှတတဲ့ ဥပဒေတွေအောက်မှ ဖိ နှိပ်ခံနေကြရတယ်လို့ မပုစုက ပြောပါတယ်။
အိုမန်နိုင်ငံကို အေးဂျင့်အဆက်သွယ်နဲ့ လာရောက်အလုပ်လုပ်ကိုင်ရသူ အိမ်အကူတွေဟာ စာချုပ် သတ်မှတ်ချိန် ၂ နှစ်အတွင်း အလုပ်ရပ်နားမယ်ဆိုရင် မြန်မာငွေ ကျပ် သိန်း ၁၂၀ ကနေ ၂၀၀ အထိ လျော်ကြေးပေးရတယ်လို့ သိရပါတယ်။
“ကြောက်တာပဲဖြစ်ဖြစ်၊ မလုပ်ချင်တော့တာဖြစ်ဖြစ်၊ လျော်နိုင်ရင်ပြန်၊ မလျော်နိုင်ရင် ဆက်လုပ်ရတယ်၊ မလျော်နိုင်လို့ ထွက်ပြေးမယ်ဆိုရင် ရုံးပိုင်ရှင်သူဌေးနဲ့ ရုံးထိုင် မြန်မာစာရေးမတွေက တိုက်ပိတ်ပြီး ရိုက်ကြတယ်၊ ဒါကို ခံစားရသူတွေ အများကြီး။”
အိုမန်နိုင်ငံမှာ အိမ်ရှင်တွေရဲ့ အနိုင်ကျင့်မှုကို မခံစားနိုင်သူတွေအနေနဲ့ အိုးအိမ်ရောင်းပြီး ပြန်ရတဲ့အထိ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
အိမ်ရှင်ရဲ့ အနိုင်ကျင့်တဲ့ဒဏ်ကို မခံနိုင်တဲ့ အသက် ၂၀ အရွယ် မိန်းကလေးတယောက်ဟာ ဇွန်လတုန်းက မြန်မာနိုင်ငံကနေ အိမ်ကိုရောင်းပြီး အိုမန်က အေးဂျင့်ရုံးဆီကို အလျော်ပေး ပြန်သွားခဲ့ရပါတယ်။ အိမ်ရောင်းလိုက်ရတာကြောင့် အလုပ်မရှိတော့ဘဲ ရွေးချယ်စရာ မရှိတော့တဲ့အတွက် မြဝတီမှာ ကျားဖြန့်လုပ်ဖို့ သွားခဲ့တယ်လို့ သူနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
ဒါ့အပြင် ကင်ဆာရောဂါခံစားနေရသူ မစုစုလှိုင်ကလည်း ရောဂါဒဏ်ကြောင့် အိမ်အလုပ် မလုပ်နိုင်တဲ့အခါ အိမ်ရှင်က ရုံးကိုပြန်ပို့ခဲ့ပါတယ်။
အိမ်ရှင်က ရုံးပြန်ပို့ခဲ့တာကြောင့် မစုစုလှိုင်ကို ရုံးဘက်က တိုက်ပိတ်ထားခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အခုချိန်မှာတော့ မစုစုလှိုင်ဟာ တခြားကူညီပေးသူတွေကြောင့် မြန်မာပြည် ပြန်ခဲ့နိုင်ပြီလို့ သိရပါတယ်။
အိုမန်နိုင်ငံက အိမ်အကူအမျိုးသမီးတွေဟာ အိမ်ရှင်တွေရဲ့ အနိုင်ကျင့်ခိုင်းစေမှု၊ နားရက်မပေးတာ၊ အလုပ်ချိန်များတာအပြင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကိုပါ ကြုံတွေ့နေရပါတယ်။ အမျိုးသမီးတယောက်ဟာ အိမ်ရှင်အမျိုးသားရဲ့ အလိုမတူဘဲ အဓမ္မပြုကျင့်ခံရတာကြောင့် တိုင်တန်းခဲ့ပေမဲ့ အကာကွယ်ပစ္စည်း (ကွန်ဒုံး) သုံးထားတာကြောင့် မုဒိမ်းမှုမမြောက်ဘူးလို့ ဆိုကာ အမှုမဖွင့်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။
အိမ်အကူအမျိုးသမီးတွေအနေနဲ့ အခုလို အနိုင်ကျင့်ခံနေရပေမဲ့ အိုမန်နိုင်ငံမှာ မြန်မာသံရုံး မရှိတာကြောင့် တိုင်တန်းရမဲ့နေရာ အခက်အခဲတွေ ရှိနေပါတယ်။
သံရုံးမရှိတာအပြင် ကူညီပေးမဲ့ အဖွဲ့အစည်းတွေ မရှိတာကြောင့် အိမ်အကူတွေအနေနဲ့ အိမ်ရှင်တွေရဲ့ အနိုင်ကျင့်ဖို့ ပိုလွယ်ကူတယ်လို့ အိမ်အကူအဖြစ် လုပ်ကိုင်နေရသူတွေက ပြောပါတယ်။
အိုမန်နိုင်ငံမှာ မြန်မာနိုင်ငံအနေနဲ့ အလုပ်အကိုင်ရှာဖွေပေးရေး အေးဂျင့်ရုံး တခုတည်းသာ ရှိတာကြောင့် အေးဂျင့်နဲ့ အိမ်ရှင်တွေက အိမ်အကူတွေပေါ် လူသားချင်းစာနာမှုမရှိဘဲ ကျူးလွန်နေကြတာလို့ လက်ရှိ အလုပ်လုပ်ကိုင်နေသူတွေက ပြောပါတယ်။
အိမ်အကူအမျိုးသမီးတွေအနေနဲ့ နေ့စဥ် အလုပ်ချိန် ၁၀ နာရီအထက် လုပ်ကိုင်ရပြီး လစဥ် နားရက်နဲ့ နေ့ထူးနေ့မြတ်တွေမှာတောင် အလုပ်နားခွင့် မရှိပါဘူး။ အိမ်အကူအမျိုးသမီးတွေအနေနဲ့ ထမင်းစားချိန်မှာလည်း မီးဖိုခန်းတွေမှာ ထိုင်ချပြီး စားရပါတယ်။
အိုမန်နိုင်ငံမှာ လက်ရှိ အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ အခုလိုအခက်ခဲတွေကို နေ့စဥ် ကြုံတွေ့နေရပေမဲ့ မြန်မာနိုင်ငံထဲက အမျိုးသမီးတွေက အိုမန်ကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ နေ့စဥ် ရှိနေပါတယ်။
မြန်မာနိုင်ငံကနေ အိုမန်ကို အလုပ်လုပ်ကိုင်ဖို့ လူရှာပေးနိုင်ရင် တယောက်ကို ကျပ် ၁၀ သိန်းထိ ရရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အပိုဝင်ငွေရရှိတယ်လို့ဆိုကာ အလုပ်သမား ရှာကူပေးနေသူတွေလည်း ရှိနေပါတယ်။
အိုမန်နိုင်ငံမှာ အိမ်အကူအနေနဲ့ လာရောက်လုပ်ကိုင်သူတွေဟာ စာချုပ်သက်တမ်း ၂ နှစ်အထိ ချုပ်ရပြီး နှစ်ပြည့်လို့ ပြန်ရမဲ့အချိန်တွေမှာလည်း အိမ်ရှင်တွေရဲ့ အနိုင်ကျင့်မှုတွေကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
အိမ်ရှင်ဆီ လုပ်သက် ၂ နှစ်ပြည့်လို့ မြန်မာပြည်ပြန်ကြမဲ့ လူအများစုဟာ ခိုးမှုတွေနဲ့ ဖမ်းဆီးခံရပြီး အိုမန်ထောင်မှာ အကျဥ်းကျခံရတာတွေ ရှိနေပါတယ်။ ဒါကြောင့် အိုမန်နိုင်ငံမှာ အလုပ်လုပ်နေရသူ အမျိုးသမီးတွေအနေနဲ့ စိတ်မလုံခြုံမှုတွေကိုပါ တွဲခံစားနေရပါတယ်။
“ဒီကိုလာဖို့ ဗီဇာကျတဲ့အချိန်မှ နောက်ကျသွားပြီဆိုတာ သိလိုက်ရတယ်၊ နောက်ပြန်ဆုတ်လို့ မရတော့ဘူး” လို့ မပုစုက ဖြည်းညင်းတဲ့ လေသံနဲ့ ပြောပါတယ်။
အိုမန်နဲ့ ဒူဘိုင်းနိုင်ငံမှာ အိမ်အကူလုပ်ကိုင်နေရတဲ့ အမျိုးသမီးတွေအနေနဲ့ အလုပ်သမားဥပဒေ အတိုင်း တရက် ၈ နာရီ သတ်မှတ်ပေးဖို့၊ နားရက်တွေ အပြည့်အဝခံစားရဖို့နဲ့ အနိုင်ကျင့်ခံရမှုတွေမှာ ကူညီဆောင်ရွက်ပေးဖို့ သူတို့ကို အကူအညီ ကာကွယ်ပေးနိုင်မဲ့ ဥပဒေတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
အိုမန်နိုင်ငံကို အေးဂျင့်တွေရဲ့ အချိတ်အဆက်နဲ့ သွားရောက်လုပ်ကိုင်ကြတဲ့ မြန်မာအမျိုးသမီးတွေဟာ အားကိုးစရာ အဖွဲ့အစည်း အကူအညီတွေ မရှိသလို အေးဂျင့်တွေ ကိုယ်တိုင်ရဲ့ အနိုင်ကျင့်တာတွေကိုလည်း ခံစားနေရတယ်လို့ ပြောပါတယ်။
“အခုဟာက တသက်လုံး ကျွန်ဇာတ်ကို သွင်းလိုက်သလိုပဲ” လို့ သူခံစားနေရတဲ့ အခြေအနေကို မပုစုက ပြောပြပါတယ်။
တဖက်နိုင်ငံ အေးဂျင့်ရုံးမှာ အလုပ်ရှင်သူဌေးတွေက အလုပ်သမားကို ကြိုက်တဲ့သူရွေးခွင့်ရှိပြီး သူဌေးရွေးချယ်တဲ့ အလုပ်သမားကို သက်ဆိုင်ရာအေးဂျင့်က သူဌေးနဲ့ နှစ်နှစ်စာချုပ် လက်မှတ်ရေးထိုးကြပါတယ်။
အလုပ်သမားက ရွေးချယ်မှု သဘောတူညီမှုနဲ့ မဆိုင်တော့ဘဲ ပြည်ပအေးဂျင့်နဲ့ ပြည်ပသူဌေး အလုပ်ရှင်နဲ့သာ သက်ဆိုင်မှုရှိကြတယ်။ သူဌေးမကြိုက်ရင် ၆ လတွင်း ပြည်ပအေးဂျင့်ရုံးကို ပြန်ပို့ပြီး အလုပ်သမားမကြိုက်ရင်တော့ ရွေးချယ်ခွင့်မရှိဘဲ သူဌေးရဲ့သဘောသာ ဖြစ်တယ်လို့ ကိုစိုးယုမောင်က ပြောပြပါတယ်။
အလုပ်ရှင်က အလုပ်သမားကို မကြိုက်ရင် ၆ လအတွင်း လာလဲလှယ်ခွင့်ရှိပြီး ၆ လကျော်သွားရင်တော့ အေးဂျင့်ဘက်က လူသစ်လဲမပေးတာကြောင့် အေးဂျင့်ကိုပေးရတဲ့ ငွေ သိန်း ၂၀၀ ကျော်ကို အလုပ်ရှင်က အလုပ်သမားဆီက ပြန်တောင်းပြီး အဲဒီငွေကို မပေးနိုင်ရင် မြန်မာပြည်ကို ပေးမပြန်တာအထိ လုပ်တယ်လို့ ဆိုပါတယ်။
အိမ်အကူအမျိုးသမီးတွေအနေနဲ့ မုဒိမ်းပြုကျင့်ခံရတာ၊ ကိုယ်ထိလက်ရောက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် အလုပ်ရှာမပေးတော့ဘဲ ရုံးမှာနေခိုင်းပြီး လျော်ကြေးငွေ တောင်းခံမှုတွေ၊ အလုပ်ရှင်ဆီက ထွက်ပြေးလာပြီး ရဲစခန်းရောက်နေသူတွေအား ကူညီပေးမှုတွေကို လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်မှာ မြန်မာပြည်ကို ပြန်ခေါ်လာပေးနိုင်သူ အယောက် ၄၀ ရှိပြီး မုဒိမ်းကျင့်ခံရသူ ၅ ယောက်ကိုလည်း မြန်မာပြည် ပြန်ခေါ်လာနိုင်ခဲ့တယ်လို့ ကိုစိုးယုမောင်က ပြောပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ အိုမန်နဲ့ ဒူဘိုင်းမှာ ဒုက္ခရောက်နေသူတွေကို ပြန်ခေါ်နိုင်ဖို့ မြန်မာပြည်ဘက် အေးဂျင့်တွေကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနဲ့ တိုင်ကြားရမှာဖြစ်ပြီး မြို့နယ်ရဲစခန်းတွေမှာလည်း အမှုဖွင့်တိုင်ကြားပြီး ပြန်ခေါ်နိုင်တယ်လို့ ကိုစိုးယုမောင်က ပြောပါတယ်။
“ရှေ့နေတယောက်ယောက်ကို ငှားပြီးဖြစ်ဖြစ် ဥပဒေအကြံဉာဏ်ယူပြီးလည်း ဒုက္ခရောက်သူကို ပြန်ခေါ်ပေးနိုင်တယ်၊ ဒါက လူကုန်တားနဲ့ တိုက်ရိုက်ပတ်သက်မှုရှိပါတယ်။ သက်ဆိုင်ရာ မြို့နယ်မှာ ရှိတဲ့ အေးဂျင့်တွေက ရဲတွေ၊ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်နေကြတာဖြစ်တယ်။ လေဆိပ်လုံခြုံရေး ရဲတပ်ဖွဲ့နဲ့ လေဆိပ်လူကုန်တားတွေလည်း ဒါတွေကို သိပါတယ်၊ သူတို့ ကူညီပေးနိုင်ပါတယ်။ ကူညီတဲ့နည်းလမ်းကတော့ သူတို့ပို့တဲ့သူကို သူတို့ ပြန်ခေါ်ပေးခိုင်းတာပဲ။ ဒါကို လုပ်ပိုင်ခွင့်အခွင့်အာဏာက ရဲတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့မှာပဲ အခွင့်အာဏာရှိတယ်။”
အိမ်အကူအနေနဲ့ အလုပ်လုပ်ကိုင်နေရသူ အမျိုးသမီးတွေကို အလုပ်ရှင်အိမ်က အနိုင်ကျင့်လို့ အေးဂျင့်ဆီ ပြန်ရောက်လာရင်လည်း ပါးရိုက်နှက် နှိပ်စက်ပြီး ထမင်းမကျွေး၊ ရေမတိုက်တာအပြင် တိုက်ပိတ်ထားပြီး နှိပ်စက်တဲ့ ဖြစ်စဥ်တွေလည်း ရှိတယ်လို့ သူကပြောပါတယ်။
အိုမန်နိုင်ငံမှာ မြန်မာအမျိုးသမီးတွေ ကိုယ်ထိလက်ရောက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေပေမဲ့ အေးဂျင့်တွေဆီကို အကြိမ်ကြိမ်တိုင်ကြားမှ ရုံးဘက်က ပြန်ခေါ်ပေးတာဟာ မရှိသလောက် နည်းပါးတဲ့အပြင် ပြည်ပအေးဂျင့်တွေက ရဲစခန်းကိုထွက်ပြေးဖို့ အကြံပြုတာတွေ ရှိတယ်လို့ ပြောပြပါတယ်။
“အခုအခြေအနေကို ဘယ်လိုမြင်လဲဆိုရင် အရမ်းဖိနှိပ်ခံရတယ်၊ ခြေလက်နဲ့ ကိုယ်ထိလက်ရောက် မကျူးလွန်ကြရင်တောင် အနုနည်းနဲ့ နှိပ်စက်ခံနေရတယ်လို့ မြင်တယ်၊ အသက်ရှူလည်း ကျပ်တယ်၊ အိပ်ရတဲ့အချိန်ကပဲ ပျော်ရတဲ့အချိန်၊ မျှော်လင့်ချက်ကတော့ နှစ်ပြည့်ပြီး ပြန်ခွင့်ရဖို့ကလွဲရင် ကျန်တာ သဲထဲရေသွန်ပါပဲ” လို့ အိုမန်နိုင်ငံ အိမ်အကူအနေနဲ့ နောက်ထပ် ၁ နှစ် ၅ လကျော် ထပ်နေထိုင်ရဦးမဲ့ မပုစုက ပြောပြပါတယ်။
မြန်မာနိုင်ငံအတွင်းက တခြား လူငယ် အမျိုးသမီးတွေပါမကျန် အမျိုးသမီးအကုန်လုံးကို အိုမန်နိုင်ငံကို နောက်ထပ် ဘယ်သူ့ကိုမှ မလာစေချင်တော့ဘူးလို့ မပုစုက ဆိုပါတယ်။
ဟန်နာထက်အောင်


