Home
မြန်မာသတင်း
အိုမန်အိမ်အကူငရဲတွင်းထဲ ဘာကြောင့် ဆက်ခုန်ဆင်းနေကြသလဲ 
DVB
·
July 19, 2025

အိုမန်နိုင်ငံရောက် မြန်မာအိမ်အကူတွေဟာ လုပ်အားခေါင်းပုံဖြတ်ခံရတာ၊ အလုပ်ရှင် အိမ်ရှင်ရဲ့ နှိပ်စက်တာ ခံနေရတာတွေအတွက် အကာအကွယ်မရှိတဲ့အပြင် အလုပ်ခေါ်ယူပေးတဲ့ အေဂျင်စီတွေကလည်း တာဝန်ယူမှု မရှိတာတွေကို တောက်လျှောက်ကြုံနေရပေမဲ့ အိုမန်နိုင်ငံကို အိမ်အကူအဖြစ်သွားရောက်မှုတွေဟာ မရပ်တန့်ဘဲဆက်ရှိနေပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးမှု၊ ဝင်ငွေကျပ်တည်းမှု အစရှိတဲ့ အထွေထွေအကျပ်အတည်းတွေ ရင်ဆိုင်နေရတာကြောင့် နေရပ်ကို စွန့်ခွာပြီး နိုင်ငံရပ်ခြားကို ထွက်ကာ အလုပ်လုပ်ကိုင်ဖို့ ကြိုးစားသူတွေ တဖြည်းဖြည်း များလို့နေပါတယ်။ 

ဒီလိုသွားတဲ့ နိုင်ငံတွေထဲမှာ အိုမန်နိုင်ငံကို အိမ်အကူအဖြစ် သွားရောက်မှုတွေလည်း ရှိနေပြီး ဘက်ပေါင်းစုံက အဆင်မပြေတဲ့ အခြေအနေတွေကို အာဏာသိမ်းကာလတလျှောက် မြင်တွေ့ကြားသိခဲ့ရပါတယ်။ 

ဒါကြောင့် အိုမန်နိုင်ငံကို အိမ်အကူအဖြစ် မသွားဖို့ သွားရောက်ခဲ့ဖူးသူတွေနဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေက တားမြစ်ကြပေမဲ့ သွားရောက်မှုတွေကတော့ မရပ်တန့်ခဲ့ပါဘူး။ 

ဘာကြောင့် အိုမန်နိုင်ငံကို အိမ်အကူအဖြစ် ရောက်သွားကြသူတွေ ဆက်ရှိနေလဲဆိုတာကိုတော့ အိုမန်ရောက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူတယောက်က ပြောပါတယ်။

အိုမန်ရောက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ စိုင်းယုမောင် က “အစကတော့ စင်ကာပူသွားမယ်လို့ သွားကြတာ၊ စင်ကာပူသွားမယ့်သူတွေက နောက်ဆုံးမှာ အိုမန်၊ ဒူဘိုင်း ရောက်သွားတာတွေ ရှိတယ်။ အခု အိုမန်၊ ဒူဘိုင်း ရောက်သွားတဲ့သူတွေ တော်တော်များများ ၇၀ ရာခိုင်နှုန်းကို မေးလိုက်၊ အစတုန်းက သူတို့က ကိုရီးယားသွားမယ်၊ စင်ကာပူသွားမယ်ဆိုပြီး လာတဲ့သူတွေချည်းပဲ။ မလေးရှားသွားမယ်၊ ထိုင်းသွားမယ်၊ ဒီလိုလူတွေကြီးပဲ။ ဒါပေမဲ့ ရောက်လာတဲ့သူတွေ နောက်ပိုင်းမှာကျတော့ ဒူဘိုင်း၊ အိုမန်က တလတောင်မကြာဘူး၊ မြန်မြန် သွားလို့ရတယ်။ အဲ့တော့ မလေးရှားတို့၊ ထိုင်းတို့၊ စင်ကာပူတို့ကျတော့ အကြာကြီးနေရတယ်။ ၆ လ၊ ၇ လ၊ ၈ လ၊ ၉ လဖြစ်တော့ ဘယ်သူမှ အကြာကြီး အဲ့လောက် တောင့်မခံနိုင်ဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဒူဘိုင်း၊ အိုမန်မှာလည်း လစာက အတူတူပဲ၊ စင်ကာပူမှာလည်း လစာက ၁၅ သိန်း၊ ၁၆ သိန်းဝန်းကျင်ရှိတယ်။ နင်တို့ ဘယ်သွားမှာလဲဆိုတော့ နောက်ဆုံးမှာတော့ မိသားစုရဲ့ အခက်အခဲကြောင့် အတိုးတွေ တက်လာတဲ့အခါမှာ သူတို့က ဆက်ပြီးတော့ ဒူဘိုင်း၊ အိုမန်ကိုပဲ ရောက်သွားကြတာ။”

တကယ်တော့ ဒူဘိုင်း၊ အိုမန်၊ အီရတ်စတဲ့ နိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ တရားဝင် MOU ထိုးထားပြီး အလုပ်သမားခေါ်ယူတဲ့ နိုင်ငံတွေ မဟုတ်ကြပါဘူး။ လူခေါ်ပွဲစား၊ အေးဂျင့်တွေကို ယုံကြည်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီကို အိမ်အကူသွားလုပ်ကိုင်မိတာကြောင့် မြန်မာအမျိုးသမီးများစွာ ဒုက္ခရောက်နေရတာ ဖြစ်ပါတယ်။

အိုမန်နိုင်ငံမှာ အိမ်အကူအလုပ်လုပ်တာ ၂ နှစ်ပြည့်တော့မယ့် မသူဇာကတော့ အိုမန်နိုင်ငံမှာ ရတဲ့ လစာက နည်းပြီး အိမ်ရှင်က ထမင်းမကျွေးတာမျိုးတွေ ရှိပေမဲ့ အေးဂျင့်တွေကလည်း သူအကူအညီတောင်းတာကို ဂရုမစိုက်ဘူးလို့ ပြောပြခဲ့ပါတယ်။

“မိသားစုတွေ အဆင်မပြေလို့ မြန်မာနိုင်ငံကနေ အိုမန်နိုင်ငံကို တက်ခဲ့တယ်။ ဒီနိုင်ငံရောက်တော့ လစာကလည်း နည်းနည်းလေးပဲ ရတယ်။ မိသားစုကလည်း ကိုယ်ပေးတဲ့ လစာနဲ့လည်း မလုံမလောက်။ ဒီမှာကလည်း မတန်တဆ အလုပ်လုပ်ရလို့ ပင်ပန်းတာကတမျိုး၊ ထမင်းငတ်တဲ့ ရက်တွေ ရှိတာက တမျိုး၊ အေးဂျင့်ရုံးကို တိုင်တော့လည်း ဘယ်သူမှ ကိုယ့်ဘက်မှာ ရပ်တည်မယ့်သူ မရှိဘူး။ ဘယ်သူ့ဆီမှလည်း အကူအညီတောင်းလို့ မရဘူး။ ပထမ အေးဂျင့်တွေ တယောက်နှစ်ယောက်ကို အကူအညီတောင်းဖူးတယ်။ သူတို့က ဘာပြောလဲဆိုတော့ အိမ်ရှင်ပဲ ခိုင်းမှာပေါ့၊ အိမ်ရှင်ပဲ ပြောမှာပေါ့၊ ကိုယ်က ပိုက်ဆံယူထားတာပဲ လုပ်ရမှာပေါ့တဲ့။”

ဒါ့အပြင် အိုမန်နိုင်ငံမှာ အိမ်အကူအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေဟာ လုပ်ခလစာ မရတာ၊ ရိုက်နှက်ခံရတာ၊ အဓမ္မပြုကျင့်မှုတွေခံရတဲ့ ဖြစ်ရပ်တချို့လည်း ရှိနေတယ်လို့လည်း အိုမန်ရောက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

ဒီလိုဖြစ်ရပ်တွေရှိနေပေမဲ့ ဒူဘိုင်း၊ အိုမန်၊ အီရတ်ရောက်ရှိနေတဲ့ မြန်မာအိမ်အကူ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ကူညီပေးသူ၊ အသံထွက်ပေးသူတွေကလည်း နည်းပါးတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။

အိုမန်ရောက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ စိုင်းယုမောင်က “အဓိကကတော့ ဒီအာဏာသိမ်းပြီးတော့ စစ်ကောင်စီက အာဏာသိမ်းပြီးတော့ နောက်ပိုင်းမှာတော့ အင်တာနက်တွေ ဖြတ်တောက်ခံရတာ ရှိတယ်။ သတင်းတွေ အမှောင်ချခံရတာရှိတယ်။ ဒီလိုမျိုးတွေကြောင့် အဓိက ဖြစ်တယ်ပေါ့နော်။ နောက်ပြီးတော့ ဒူဘိုင်း၊ အိုမန်၊ အီရတ်ကိုကျတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေကကျတော့ ဒီတရားမဝင်တဲ့ နိုင်ငံတွေကိုကျတော့ သိပ်ပြောတဲ့ အသံတွေ မရှိဘူး။ အလုပ်သမားတွေကသာလျှင် ပြောနေကြတာပေါ့နော်။ နောက်ပြီးတော့ တာဝန်ရှိတဲ့ အစိုးရဆိုတဲ့သူတွေကလည်း NUG အစိုးရဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်၊ ဘယ်အဖွဲ့ကမှ ဒူဘိုင်း၊ အိုမန်နဲ့ ပတ်သက်ပြီး ထင်ထင်ရှားရှား ကျယ်ကျယ်လောင်လောင် ပြောတဲ့သူတွေ တယောက်မှ မရှိဘူး”လို့ ပြောပါတယ်။

အိုမန်နိုင်ငံမှာ အိမ်အကူလုပ်နေတဲ့ မသူဇာကတော့ အိုမန်နိုင်ငံကို မြန်မာတွေ နောက်ထပ် မလာစေချင်တော့ဘူးလို့ ဆိုပါတယ်။

“ကျမပြောချင်တာကလေ ဒီအိုမန်နိုင်ငံကို မြန်မာတွေ နောက်ထပ် မလာကြပါနဲ့လို့၊ ကျမပြောချင်ပါတယ်။ နော် မလာကြပါနဲ့လို့။ အိုမန်နိုင်ငံကို ဘယ်သူမှ မလာစေချင်ပါဘူးလို့။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့တုန်းကလည်း အိုမန်နိုင်ငံ ဆိုဟာမြို့မှာ အိမ်အကူလုပ်ကိုင်နေသူ မလွင်မာမြင့်က အဓမ္မပြုကျင့်ခံရလို့ အေဂျင်စီရုံးဝန်ထမ်း မယုနန္ဒာကို အကူအညီတောင်းရင်း လူသတ်မှုတခု ဖြစ်ပွားခဲ့ပါသေးတယ်။ 

မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024